ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် ထင်ရှားသည့် ပွဲတော်တစ်ခုဖြစ်သော တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို လာရောက်မည့်သူ များပြားသောကြောင့် ဟိုတယ်၊ မိုတယ်များနှင့် ဘုန်းကြီးကျောင်းများပါ ဧည့်သည်ပြည့်နေကြောင်း သိရသည်။
တောင်ကြီးမီးပုံးပျံပွဲကို အောက်တိုဘာ ၂၉ ရက်နေ့မှစတင်ကာ တပတ်တာကျင်းပပြုလုပ်မည်ဖြစ်ပြီး နိုဝင်ဘာ ၅ ရက်နေ့အထိ ဖြစ်သည်။
“ညီမတို့ စုံစမ်းနေတာ မရတော့ဘူး၊ ကလောဘက်ကနေလာရအောင်လည်း ကားတွေပိတ်တာနဲ့ ရောက်ဖို့ တိုးရနိုင်တယ်လည်း ပြောကြတယ်၊ တောင်ကြီးမြို့ပေါ်က ဘုန်းကြီးကျောင်းတွေလည်း ဧည့်အပြည့်ဖြစ်နေတယ်” ဟု သွားရောက်ရန် ပြင်ဆင်နေသူတစ်ဦးက ပြောသည်။
နှစ်စဉ်ပြုလုပ်နေကျဖြစ်သော တောင်ကြီးမြို့ အဝေရာကွင်းတွင် ပြုလုပ်မည်ဖြစ်ပြီး ရိုးရာဓလေ့ကို ထိန်းသိမ်းနိုင်စေရန် ရည်ရွယ်ကာကျင်းပခြင်း ဖြစ်ကြောင်းလည်း သိရသည်။
တောင်ကြီးမြို့ခံများကမူ တောင်ကြီးတန်ဆောင်တိုင်ပွဲတော်အတွက် ခရီးသွားသူများကို ရက်တိုအိမ်လုံးချင်းလိုက် ငှါးရမ်းခြင်း၊ ဘန်ဂလိုအိမ်ငှါးရမ်းခြင်းမျိုး ပြုလုပ်ပေးနေကြသည်ဟုလည်း မြို့ခံတစ်ဦးဆီမှသိရသည်။
“အဲဒါလည်း မြန်တယ်၊ တင်ပြီးမကြာဘူး ဖုန်းနဲ့ လှမ်းကြိုချိတ်တာပဲ၊ ဒီနှစ် လူတော်တော်များလောက်မယ်၊ တချို့ညောင်ရွှေဘက်ကနေ လာဖို့စီစဉ်ကြတာရှိတယ်၊ ဖြန့်သွားတော့လည်း ဝင်ငွေလေးရတာပေါ့” ဟု တောင်ကြီးမြို့ ခံတစ်ဦးက ပြောသည်။
တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံ ပွဲတော်ကြီး ကျင်းပစဉ်အတွင်း နေ့ပိုင်းတွင် ခြေနှစ်ချောင်း၊ ခြေလေးချောင်းအရုပ်အုပ်စု မီးပုံးပျံများနှင့် ညပိုင်းတွင် စိန်နားပန်မီးပုံးပျံ၊ ညမီးကျည်မီးပုံးပျံများကို လွှတ်တင်သွားမည်ဖြစ်ကြောင်း သိရသည်။
