မြန်မာနိုင်ငံမှ စိုက်ပျိုးထွက်ရှိသည့် သရက်သီးများကို တောင်ကိုရီးယားနိုင်ငံက ဝယ်ယူတင်သွင်းလိုကြောင်း မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ သိရသည်။
အကယ်၍ တင်ပို့လိုပါက စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် တောင်ကိုရီးယားနိုင်ငံ၏ တိရစ္ဆာန်နှင့် အပင်များထိန်းချုပ်ရေးအေဂျင်စီ – APQA နှင့် ကြိုတင်ညှိနှိုင်းဆွေးနွေးရမည်ဖြစ်ကြောင်း သိရသည်။
ယင်းအပြင် တောင်ကိုရီးယားနိုင်ငံက သတ်မှတ်ထာသည့် အပင်ပိုးမွှားများနှင့်ကင်းလွတ်ရန် အပူငွေ့နှင့် ပြုပြင်ထိန်းသိမ်းထားခြင်း၊ နှစ်နိုင်ငံစိုက်ပျိုးရေး စစ်ဆေးရေးအရာရှိတွေက ပို့ကုန်စစ်ဆေးမှုများကို တင်ပို့မည့်စက္ကူပုံးများ၏ (၂) ရာခိုင်နှုန်း (သို့မဟုတ်) Shipment တစ်ခုကို အသီး (၆၀၀)ကို စစ်ဆေးခြင်း အစရှိသည့် သဘောတူညီမှုများကို လိုက်ပါဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် စိတ်ဝင်စားသည့် ကုမ္ပဏီ/လုပ်ငန်းရှင်ရှိပါက မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့(အီးမေးလ် – nesmyanm [email protected] နှင့် ဖုန်းနံပါတ် ၀၆၇-၄၀၈၄၉၅ ၊ ၀၆၇-၄၀ ၈၄၂၄) တို့ကို စက်တင်ဘာလ (၃၀)ရက်အရောက်ပေးပို့ကြရန် အသိပေးထားသည်။
လက်ရှိတွင် မြန်မာနိုင်ငံက လတ်ဆတ်သရက်သီးများကို တရုတ်ဈေးကွက်သို့ အဓိကတင်ပို့လျက်ရှိပြီး ရုရှားဝယ်လက်တွေက မြန်မာနိုင်ငံမှ နှစ်စဉ် သရက်သီးအနှစ် တန်ချိန် (၁၀,၀၀၀) တင်သွင်းလိုကြောင်း မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့က ပြောကြားထားသည်။
ယခုနှစ်တွင် မြန်မာ့သရက်သီးအထွက်နှုန်း (၅၀) ရာခိုင်နှုန်းခန့် ကျဆင်းခဲ့ပြီး ပြည်တွင်း/ ပြည်ပမှ ဝယ်လိုအားလည်း လျော့နည်းသွားကြောင်း သိရသည်။
