မြန်မာ့စာတိုက်လုပ်ငန်းမှ တိုင်းရင်းသားလူမျိုးများများအလိုက် ထုတ်ဝေခဲ့ပြီးဖြစ်သည့် တံဆိပ်ခေါင်းများကို တံဆိပ်ခေါင်းစုဆောင်းသူ ဝါသနာရှင်များ တစ်စုတစ်စည်းတည်း စုဆောင်းနိုင်ရန်ရည်ရွယ်၍ တိုင်းရင်းသားလူမျိုးများ စာပို့တံဆိပ်ခေါင်း(၂၀၀)ကျပ်တန် (၈)လုံးပါ Block of Stamp အထူးထုတ် စာပို့တံဆိပ်ခေါင်းအသစ်တစ်မျိုးကို လာမည့်အောက်တိုဘာ(၂၀)ရက်နေ့တွင် စတင်ထုတ်ဝေမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနကနေ သိရသည်။ နေပြည်တော် ဗဟိုစာတိုက်ကြီး၊ ရန်ကုန်၊ မန္တလေးစာတိုက်ကြီးတို့နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ စာတိုက်ကြီးများတွင် တပြိုင်တည်းရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။ စတင်ရောင်းချသည့်နေ့၌ အထူးအစီအစဉ်အနေဖြင့် နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်၊ မန္တလေးစာတိုက်ကြီးတို့တွင် အောက်တိုဘာ(၂၀)၇က်နေ့ဝယ်ယူသည့် စာပို့တံဆိပ်ခေါင်းများပေါ်တွင် နေ့စွဲအမှတ်အသားတံဆိပ်ရိုက်နှိပ်ပေးမည်ဖြစ်ကြောင်း သိရသည်။
