ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗင်းရှင်းစင်တာ၌ ကျင်းပခဲ့သည့် (၄၇) ကြိမ်မြောက် တိုင်းနှင့်ပြည်နယ် ကာယဗလနှင့်ကာယကြံ့ခိုင်မှုပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအသင်းမှ တံခွန်စိုက်ဒိုင်းဆု ရရှိခဲ့ကြောင်းသိရသည်။
ပြိုင်ပွဲကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ချုပ်တို့က ကြီးမှူး၍ ဇူလိုင်လ ၂၃ ရက်၊ နံနက် ၁၀ နာရီက ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒု-ဝန်ကြီး ဦးမျိုးလှိုင်တို့ တက်ရောက်ပြီး ဆုများပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ဆုပေးပွဲတွင် တံခွန်စိုက်ဒိုင်းဆုရရှိခဲ့သည့် ရန်ကုန်တိုင်းဒေသကြီးအသင်းအား ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်းက တံခွန်စိုက်ဒိုင်းနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့အတူ တိုင်းမှူးနှင့် တာဝန်ရှိသူများကလည်း ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများအား ဆုတံဆိပ်များနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ပြိုင်ပွဲတွင် ကာယဗလမောင် အသက်(၂၁)နှစ်အောက် ပဏာမလူရွေးချယ်ခြင်းအဖြစ် ၆၀၊ ၆၅၊ ၇၀၊ ၇၅ ကီလိုတန်းနှင့် ၇၅ ကီလိုအထက်ပြိုင်ပွဲများ၊ Men’s Sports Physique ၊ Men’s Athletic Physique ၊ Men’s Fitness Physique ပြိုင်ပွဲများ၊ အမျိုးသမီးပြိုင်ပွဲ ပဏာမလူရွေးချယ်ပွဲအဖြစ် Women’s Model Physique ၊ Women’s Athletic Physique ၊ Women’s Fitness Physique ပြိုင်ပွဲများကိုလည်း ကျင်းပခဲ့ကြောင်း သိရသည်။