နေပြည်တော်ကောင်စီ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် ပြဋ္ဌာန်းကျင့်သုံးနေကြသည့် စည်ပင်သာယာရေး ဥပဒေများဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို Hybrid စနစ်ဖြင့် ယမန်နေ့က ဥပဒေရေးရာဝန်ကြီးဌာနတွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
တိုင်းဒေသကြီး၊ ပြည်နယ်စည်ပင်သာယာရေး ဥပဒေမူကြမ်းနှင့် မြို့တော်စည်ပင်သာယာရေး ဥပဒေမူကြမ်းတို့ကို ဖြန့်ဝေထားပြီး အဆိုပါစည်ပင်သာယာ Model Law ပါ စည်ပင်သာယာရေးလုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် မိမိဒေသနှင့် လိုက်လျောညီထွေ ရှိသည့်ကိစ္စရပ်များကိုသာ ရွေးချယ်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ပြည်ထောင်စုရှေ့နေချုပ်၊ ဒေါက်တာသီတာဦး ကပြောသည်။
“ မြို့တော်စည်ပင်သာယာရေး ဥပဒေများကိုလည်း အတတ်နိုင်ဆုံးပုံစံတူဖြစ်စေရန် ကြိုးစားဆောင်ရွက်ကြရမည်ဖြစ်၍ ဥပဒေမူကြမ်းပါ ဖော်ပြချက်များတွင် မိမိဒေသနှင့် မကိုက်ညီသောအချက်များနှင့် ထပ်မံဖြည့်စွက်လိုသော အချက်များရှိပါက ဆွေးနွေးပေးကြရန်” လည်း ပြည်ထောင်စုရှေ့နေချုပ် က ပြောကြားခဲ့သည်။
အဆိုပါ ဆွေးနွေးသည့် အစည်းဝေးကို ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်၊ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ်၊ ဥပဒေမူကြမ်းစိစစ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဥပဒေချုပ်များ၊ စည်ပင်သာယာရေး ကော်မတီဝင်များ တက်ရောက်ကြပြီး ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး စည်ပင်သာယာရေးကော်မတီတို့က Online ဖြင့် တက်ရောက်ခဲ့ကြောင်း သိရသည်။
