လေတိုက်နှုန်း တစ်နာရီ ၁၆၇ ကီလိုမီတာဖြင့် တိုက်ခတ်နေသော တိုင်ဖွန်းမုန်တိုင်း ဝီဖာကြောင့် မိုးသည်းထန်စွာရွာသွန်းမှု၊ လေပြင်းတိုက်ခတ်မှုများဖြစ်ပေါ်နေသော ဟောင်ကောင်တွင် ဇူလိုင် ၂၀ ရက်က အမြင့်ဆုံး မုန်တိုင်းသတိပေးချက် ထုတ်ပြန်လိုက်ရပြီး လေယာဉ်ခရီးစဉ် ၂၀၀ ကျော် ဖျက်သိမ်းခဲ့ရသည်။
မြို့၏ မိုးလေဝသလေ့လာစောင့်ကြည့်ရေးဌာနက နံနက် ၉း၂၀ နာရီတွင် မုန်တိုင်းသတိပေးချက်ကို အဆင့် ၁၀ သို့ တိုးမြှင့်သတ်မှတ်ခဲ့ပြီး ယင်းအဆင့်တွင် အချိန်အတော်ကြာရှိနေမည်ဟု မျှော်လင့်ရကြောင်း ပြောကြားခဲ့သည်။
မုန်တိုင်းသည် စောင့်ကြည့်ရေးဌာန၏ တောင်ဘက် ၅၀ ကီလိုမီတာဝန်းကျင်တွင်ရှိနေကြောင်းနှင့် ဟာရီကိန်းလေတိုက်နှုန်းသည် ဟောင်ကောင်တောင်ပိုင်းဒေသများကို သက်ရောက်မှုရှိနေကြောင်း ဌာနက ပြောကြားခဲ့သည်။
ဇူလိုင် ၂၀ ရက်နေ့ နံနက် ၅ နာရီမှ ညနေ ၆ နာရီအတွင်း ဟောင်ကောင်လေဆိပ်၏ ဆိုက်ရောက်၊ ထွက်ခွာ လေယာဉ်ခရီးစဉ်အားလုံးကို Cathay Pacific လေကြောင်းလိုင်းက ဖျက်သိမ်းခဲ့သည်။ လက်မှတ်အပြောင်းအလဲကြေးကို ကင်းလွတ်ခွင့်ပြုထားပြီး ခရီးသည်များအတွက် ပြန်လည် ဘွတ်ကင်လုပ်ရန် စီစဉ်ပေးထားသည်။
ပင်လယ်လှိုင်းမြင့်တက်နေမှုကြောင့် ကူးတို့ရေယာဉ်များအပါအဝင် အများပြည်သူ သယ်ယူပို့ဆောင်မှုအများစုကို ဇူလိုင် ၂၀ ရက်တွင် ရပ်ဆိုင်းထားခဲ့သည်။ Ref: သည်စထရိတ်တိုင်းမ်
