ရှေးပုဂံမင်းလက်ထက်တွင် ပေါ်ပေါက်ခဲ့သည့် ရုပ်သေးရုပ်ပညာသည် ယခုအခါ တိမ်ကောလုနီးပါးဖြစ်နေသည့်အတွက် လူငယ်များကို လက်ဆင့်ကမ်းသင်ကြားပေးရန်ရည်ရွယ်ထားကြောင်း လူငယ်ရုပ်သေးရုပ်ပညာရှင်တစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။
ကိုဗစ်ကာလမတိုင်ခင် ရုပ်သေးရုပ်ကပြခြင်းကို ပြည်ပခရီးသွားများ သွားရောက်လည်ပတ်သည့် ပုဂံဒေသအပါအဝင်အခြားသော ဒေသများတွင်လည်း ဖျော်ဖြေလေ့ရှိကြောင်း သိရသည်။
” ရုပ်သေးရုပ်က အခုဆို ဘယ်သူမှမသိတော့ဘူး။ ရုပ်သေးရုပ် နဲ့ကပြတဲ့ အနုပညာကို ကမ္ဘာကသိစေချင်တယ်။ တော်တော်လေးလည်း ပျောက်လုနီးပါးဖြစ်နေပြီ။ အရင်တုန်းကဆိုရင် ပုဂံက ဟိုတယ်တွေမှာလည်း ကပြရတယ်။ နာမည်ကြီး ထမင်းဆိုင်တွေမှာလည်း ကပြရတယ်။ အခုတော့ တစ်နှစ်လုံးနေမှ လေးပွဲလောက်ပဲ ကပြရတယ်” ဟု ပန်တျာကျောင်းဆင်းရုပ်သေးရုပ်ပညာရှင် တစ်ဦးကပြောသည်။
ရှေးခေတ်က အမြင့်သဘင်တွင်နေရာယူခဲ့သော မြန်မာ့ရုပ်သေးပညာမှာ မြန်မာ့အနုပညာတို့ပေါင်းဆုံရာ အဖိုးတန် အနုပညာအဖြစ် တင်စားကြပြီး ရုပ်သေးပညာမှာ မြန်မာ့အနုပညာ၏ ဆက်ထုံး၊ ဆုံချက်၊ အနုပညာတို့၏ ဘုံအဖြစ် ရပ်တည်လာခဲ့သော ပညာပင်ဖြစ်သည်။
ရုပ်သေးရုပ်ကခြင်းသာမက ကသည့်ရုပ်သေးရုပ် လုပ်တတ်သူပင်လျှင် ၂ ဦးခန့်သာရှိကြောင်းလည်း သိရသည်။ ကသည့်ရုပ်သေးရုပ်နှင့်အလှထားသည့်ရုပ်သေးရုပ် လုပ်ပုံတို့မှာ ကွဲပြားသေးသည်။
ယခုအခါ မြန်မာ့အနုပညာစစ်စစ်ဖြစ်သော ရုပ်သေးပညာသည် ပျောက်ကွယ်လုနီးပါးဖြစ်လာသည့်အတွက် အားလုံးပူးပေါင်းပါဝင်ထိန်းသိမ်းလိုကြောင်း တိုက်တွန်းအကြံပြုထားသည်။
