၂၀၁၉ ခုနှစ်နောက်ပိုင်း၌ မြောက်ကိုရီးယားသို့ သွားရောက်လည်ပတ်သည့် တရုတ်အရာရှိကြီးများထဲတွင် အဆင့်အမြင့်ဆုံးအရာရှိဖြစ်သော လီသည် ပြုံယမ်းတွင် သုံးရက်နေထိုင်မည်ဖြစ်ပြီး ကိုရီးယားအလုပ်သမားပါတီ၏ နှစ် ၈၀ ပြည့်အထိမ်းအမှတ် အခမ်းအနားများသို့ တက်ရောက်မည်ဖြစ်ကြောင်း ပေကျင်းက ပြောကြားခဲ့သည်။
လီသည် ကြာသပတေးနေ့တွင် သုံးရက်ကြာခရီးစဉ်အတွက် ပြုံယမ်းသို့ရောက်ရှိမည်ဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောကြားခဲ့သည်။ ကိုရီးယားအလုပ်သမားပါတီတည်ထောင်ခြင်း အထိမ်းအမှတ်စစ်ရေးပြချီတက်ပွဲကို သောကြာနေ့မှာကျင်းပမည်ဟု တောင်ကိုရီးယားသတင်းဌာနယုန်ဟပ်က ဖော်ပြခဲ့သည်။
နှစ်နိုင်ငံကို “ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းများ”ဟု ခေါ်ဆိုပြီး တရုတ်နှင့် မြောက်ကိုရီးယားကြားနှစ်နိုင်ငံဆက်ဆံရေးကို ထိန်းသိမ်းစောင့်ရှောက်ရေး၊ ခိုင်မာအောင်တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့မှာ အမြဲတစေ ပေကျင်း၏ မူဝါဒဖြစ်ကြောင်း အင်္ဂါနေ့က သတင်းထုတ်ပြန်ခဲ့သည်။
