တိုင်ပေ၊ဖေဖော်ဝါရီ ၁၆
ကနေဒါစစ်သင်္ဘောတစ်စီးသည် ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ထိုင်ဝမ်ရေလက်ကြားကိုဖြတ်သန်းစဉ် တရုတ်လေယာဉ် ၂၄ စီး ကိုကျွန်းတစ်ဝိုက်တွေ့ရှိခဲ့ရသည်ဟု ထိုင်ဝမ်ဘက်ကပြောကြားခဲ့သည်။
အဆိုပါကနေဒါရေတပ်သင်္ဘောသည် ပထမဆုံးအကြိမ် ထိုင်ဝမ်ရေလက်ကြားကိုဖြတ်သန်းသည့်သင်္ဘောဖြစ်ကြောင်း ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာနကပြောကြားခဲ့သည်။အဆိုပါသင်္ဘောသည် အမေရိကန်သင်္ဘောနှစ်စင်းဖြတ်သန်းပြီးရက်ပိုင်းအကြာတွင်ရောက်လာခဲ့ခြင်းလည်းဖြစ်သည်။
ပေကျင်းသည် ထိုင်ဝမ်အား မအုပ်ချုပ်ခဲ့ဖူးသော်လည်း ထိုင်ဝမ်အား၎င်း၏ပိုင်နက်အဖြစ်ယူဆထားပြီး လိုအပ်လာပါက တစ်ချိန်တွင် အင်အားသုံးသိမ်းမည်ဟုလည်းပြောကြားထားသည်။
ကနေဒါရေတပ်သင်္ဘောသည် ထိုင်ဝမ်ရေလက်ကြား၏လွတ်လပ်မှုနှင့် ငြိမ်းချမ်းပွင့်လင်းမှုကိုထိန်းထားနိုင်ရန်အတွက် ၎င်း၏အခိုင်အမာရပ်တည်ချက်ကို ဖော်ပြသည့်အနေနှင့်သာမက ထိုင်ဝမ်ရေလက်ကြားသည် နိုင်ငံတကာရေပိုင်နက်ဖြစ်သည်ဟူသောအချက်ကိုပါ ပြသနိုင်ရန်အတွက် ယခုကဲ့သို့ဖြတ်သန်းခဲ့ခြင်းလည်းဖြစ်သည်ဟုသိရသည်။
ယင်းသို့ကနေဒါရေတပ်သင်္ဘောဖြတ်သန်းစဉ်တွင် တရုတ်ဘက်မှ တိုက်လေယာဉ်များနှင့်မောင်းသူမဲ့လေယာဉ်များအပါအဝင် လေယာဉ် ၂၄ စီးကိုတွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနကပြောကြားခဲ့သည်။
Source : အေအက်ဖ်ပီ/အက်ဖ်အက်စ်
