ဒီဇင်ဘာ ၂၉
အမေရိကန်ပြည်ထောင်စုက ထိုင်ဝမ်နှင့် သမိုင်းတစ်လျှောက် အကြီးမားဆုံးလက်နက်ရောင်းဝယ်ရေး စာချုပ်ကို အတည်ပြုခဲ့ပြီးနောက် နိုင်ငံတော်စည်းလုံးညီညွတ်ရေးကို ကာကွယ်ရန်အတွက် “တရားဝင်ပြီး လိုအပ်သော” လုပ်ဆောင်ချက်ဟုဆိုကာ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (ပီအယ်လ်အေ) သည် တနင်္လာနေ့တွင် ထိုင်ဝမ်ကျွန်းပတ်ပတ်လည်၌ စစ်ရေးလေ့ကျင့်မှုများကို စတင်ခဲ့ကြောင်း သိရှိရပါသည်။
ပီအယ်လ်အေ၏ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူဝါရင့်ဗိုလ်မှူးကြီး ရှီယီက ယခုစစ်ရေးလေ့ကျင့်မှုသည် “ခွဲထွက်ရေးအင်အားစုများ” နှင့် ပြင်ပမှ ဝင်ရောက်စွက်ဖက်မှုများကို သတိပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
“၂၀၂၅ တရားမျှတရေးအထူးတာဝန်” ဟု အမည်ပေးထားသည့် အဆိုပါစစ်ရေးလေ့ကျင့်မှုများကို ထိုင်ဝမ်ရေလက်ကြားရှိ ရေပြင်နှင့် ဝေဟင်နယ်မြေများအပြင် ထိုင်ဝမ်ကျွန်းမကြီး၏ မြောက်ဘက်၊ အနောက်တောင်ဘက်၊ အရှေ့တောင်ဘက်နှင့် အရှေ့ဘက်နယ်မြေများတွင် ပြုလုပ်နေခြင်းဖြစ်ကြောင်း၊ စစ်ရေးလေ့ကျင့်မှုတွင် အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ်လက်အောက်ရှိ ကြည်းတပ်၊ ရေတပ်၊ လေတပ်နှင့် ဒုံးတပ်ဖွဲ့တို့မှ တပ်ဖွဲ့ဝင်များ ပါဝင်ဆောင်ရွက်နေကြခြင်းဖြစ်ကြောင်း ရှီက ပြောကြားထားပါသည်။
ထို့အပြင် ကျည်စစ်ကျည်မှန်များဖြင့် ပ-စ်ခတ်လေ့ကျင့်မှုကို အင်္ဂါနေ့ နံနက် ၈ နာရီမှ ညနေ ၆ နာရီအတွင်း ပြုလုပ်သွားမည်ဖြစ်ကြောင်း အရှေ့ပိုင်းစစ်ဌာနချုပ်၏ သီးခြားထုတ်ပြန်ချက်တစ်ခုတွင်လည်း ဖော်ပြထားပါသည်။
“ယခုလုပ်ဆောင်ချက်သည် ‘ထိုင်ဝမ်လွတ်လပ်ရေး’ ခွဲထွက်ရေးအင်အားစုများအတွက် ပြင်းထန်သော သတိပေးချက်တစ်ခုဖြစ်ပြီး တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နိုင်ငံတော်ညီညွတ်ရေးကို ကာကွယ်စောင့်ရှောက်ရန်အတွက် တရားဝင် လိုအပ်သော စစ်ရေးဆောင်ရွက်မှုအား လုပ်ဆောင်ခြင်း ဖြစ်သည်” ဟု ဗိုလ်မှူးကြီး ရှီယီက ဆက်လက်ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
Ref: မိုင်နျူးစ်
