တရုတ်နိုင်ငံသည် ဒေသတွင်း လုံခြုံရေးဖိုရမ်ကို အဆင့်သစ်တစ်ခုသို့ တက်လှမ်းသွားရန်အတွက် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ရှိ နိုင်ငံအားလုံးနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရုတ်သမ္မတ ရှီကျင့်ဖျင်က တနင်္လာနေ့တွင် ပြောကြားလိုက်ခြင်းဖြင့် အမေရိကန်ပြည်ထောင်စုကို စိန်ခေါ်မှုဖြစ်စေသည့်ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအစီအစဉ်အသစ်အတွက် ၎င်း၏ ရည်မှန်းချက်ကို ထုတ်ဖော်ပြသခဲ့သည်။
တရုတ်မြောက်ပိုင်း တီယန်ကျင်းမြို့တွင် ကျင်းပနေသည့် နှစ်ရက်ကြာထိပ်သီးအစည်းအဝေးတွင် ကမ္ဘာ့ခေါင်းဆောင် ၂၀ ကျော်ကို အဖွင့်မိန့်ခွန်းပြောကြားခဲ့ရာ၌ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့သည် နိုင်ငံတကာဆက်ဆံရေး ပုံစံသစ်တစ်ခုကို ချမှတ်ထားကြောင်း၊ ဖိုရမ်သည် ပြင်ပမှ ဝင်ရောက်စွက်ဖက်မှုကို ပြတ်ပြတ်သားသားဆန့်ကျင်ကြောင်း ပြောကြားခဲ့သည်။
နိုင်ငံတကာရေးရာများတွင် အပြုသဘောဆောင်သော ပါဝင်ဆောင်ရွက်ရေးကို ရှီကပြောခဲ့ပြီး ဗိုလ်ကျစိုးမိုးရေးဝါဒနှင့် သြဇာအာဏာပါဝါကိုသုံးသောနိုင်ငံရေးများကို ဆန့်ကျင်ကြောင်းနှင့် နိုင်ငံစုံဝါဒကို မြှင့်တင်ရန် ထည့်သွင်းပြောဆိုခဲ့သည်။
ဥရောပအာရှခြောက်နိုင်ငံက အစပြုခဲ့ပြီး လုံခြုံရေးဆိုင်ရာကို အဓိကထားသော အဖွဲ့အစည်းသည် မကြာခင်နှစ်များအတွင်း အဖွဲ့ဝင် ၁၀ နိုင်ငံရှိလာခဲ့ကာ ဆွေးနွေးဖက်နှင့် လေ့လာသူအဆင့်နိုင်ငံ ၁၆ နိုင်ငံ ရှိသည်။
Ref: ဘီအာ
