ရန်ကုန်၊ ဒလမြို့နယ်မှ ကျောင်းသူနှစ်ဦးကို တရုတ်မယားအဖြစ် စည်းရုံးခဲ့သည့် တရုတ်နိုင်ငံသားနှင့် စကားပြန် နှစ်ဦးကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ပုဒ်မများဖြင့် ထောင်ဒဏ်များ ချမှတ်ခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံသားကို အလုပ်နှင့် ထောင်ဒဏ် (၁၃)နှစ်၊ စကားပြန်လင်မယားကို အလုပ်နှင့် ထောင်ဒဏ် (၁၀)နှစ်စီ ချမှတ်လိုက်ခြင်းလည်း ဖြစ်သည်။
ဖြစ်စဉ်တွင် ရန်ကုန်တိုင်း၊ ဒလမြို့နယ်၌ တရုတ်မယားအဖြစ် လက်ထပ်ထိမ်းမြားစေရန် အမျိုးသမီးငယ် နှစ်ဦးကို နေအိမ်အထိ လာရောက်ကာ တရုတ်နိုင်ငံသားတစ်ဦးက စည်းရုံးပြောဆိုသည့် ရုပ်သံဖိုင်ကို လူမှုကွန်ရက်တွင်တင်ရာမှ လူထုဝေဖန်မှု မြင့်တက်ခဲ့ခြင်း ဖြစ်သည်။
ထို့နောက် သက်ဆိုင်ရာရဲတပ်ဖွဲ့ထံ ဖြစ်စဉ်၌ ပါဝင်ခဲ့သူများကို ဥပဒေနှင့်အညီ အရေးယူပေးရန် အမှုဖွင့်လှစ်တိုင်တန်းချက်အရ ဖေဖော်ဝါရီလ (၆)ရက်က ဒလမြို့နယ်ရဲစခန်း၌ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ဥပဒေ ပုဒ်မ ၃၅/၄၄ ဖြင့် အမှုဖွင့်လှစ်ခဲ့ခြင်းလည်း ဖြစ်သည်။