တရုတ်ကွန်မြူနစ်ပါတီနှင့် ဆက်နွယ်သူများ သို့မဟုတ် အရေးကြီးသော နယ်ပယ်များတွင် သင်ကြားနေသူများအပါအဝင် တရုတ်ကျောင်းသားများကို ဗီဇာရုပ်သိမ်းတော့မည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက မေလ ၂၈ ရက်နေ့တွင် ပြောကြားခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်၏ အစိုးရအဖွဲ့သည် ၎င်းတို့၏ သဘောထားတင်းမာသော လူဝင်မှုကြီးကြပ်ရေး အစီအစဉ်ကို ဆောင်ရွက်ရန်အတွက် ပြည်နှင်ဒဏ်ပေးခြင်းနှင့် ကျောင်းသားဗီဇာရုပ်သိမ်းခြင်းများကို အရှိန်မြှင့်လုပ်ဆောင်ရန် ကြိုးပမ်းနေသည်။
နောင်အခါတွင် တရုတ်နှင့် ဟောင်ကောင်တို့၏ ဗီဇာလျှောက်ထားမှုအားလုံးကို ပိုမိုစိစစ်ရန်အတွက် ဝန်ကြီးဌာနသည် ဗီဇာစံနှုန်းများကို ပြန်လည်သုံးသပ်သွားမည်ဖြစ်ကြောင်းလည်း သတင်းထုတ်ပြန်ချက်တွင် ရူဘီယိုက ပြောကြားသည်။
“တရုတ်ကျောင်းသားတွေရဲ့ ဗီဇာကို ထိထိရောက်ရောက် ရုပ်သိမ်းဖို့ အမိမြေလုံခြုံရေးဌာနနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာပါ” ဟု ၎င်းက ပြောဆိုသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ မှတ်ချက်ပေးရန် တောင်းဆိုမှုကို ဝါရှင်တန်ရှိ တရုတ်သံရုံးက လတ်တလောတွင် ဖြေကြားခြင်းမရှိသေးပေ။
တရုတ်နိုင်ငံသည် ဘဏ္ဍာရေးဈေးကွက်များ ကမောက်ကမ ဖြစ်ခြင်း၊ ထောက်ပံ့ရေးကွင်းဆက်များ ရပ်တန့်ခြင်းနှင့် ကမ္ဘာတစ်ဝန်း ပြင်းထန်သော စီးပွားရေးကျဆင်းမှု၏ အန္တရာယ်ကို ပိုဆိုးစေသည့် မစ္စတာထရမ့်ပ်၏ ကမ္ဘာ့ကုန်သွယ်ရေးစစ်ပွဲတွင်လည်း ဗဟိုချက်တွင် ရှိနေခဲ့သည်။
Ref: သည်စထရိတ်တိုင်းမ်စ်