ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်းသက်ဆင်ရှင်နာဝပ်ထရာသည် ရဲတပ်ဖွဲ့ အထွေထွေ ရောဂါကု ဆေးရုံတွင် ကာလရှည်ကြာတက်ရောက်ခဲ့သည့်ကာလကိုသူ၏ ထောင်ဒဏ်ကို ကျခံခဲ့ခြင်း မြောက်မမြောက် ထည့်သွင်းစဉ်းစားမည့် သောကြာနေ့ တရားရုံးချုပ် ကြားနာမှုကို တက်ရောက်မည်မဟုတ်ကြောင်း သိရသည်။
တရားရုံးသို့ လာရောက်ရန် သူ့ကိုဆင့်ခေါ်ခြင်းမရှိသောကြောင့် ဇွန်လ ၁၃ ရက်နေ့တွင် ပြုလုပ်မည့် တရားရုံးချုပ်၏ နိုင်ငံရေးရာထူး ရယူထားသူများဆိုင်ရာ ရာဇဝတ်မှုရုံး ကြားနာပွဲကို သက်ဆင်တက်ရောက်မည်မဟုတ်ကြောင်း ၎င်း၏ ရှေ့နေဝီညက် ချတ်မွန်ထရီးက ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။
စာရွက်စာတမ်းများ ပေးပို့ရမည့် နောက်ဆုံးရက်ကို ရက် ၃၀ ရွှေ့ဆိုင်းပေးရန် သက်ဆင်က တရားရုံးကို တောင်းဆိုခဲ့ပြီး တရားရုံးက ဇွန်လ ၂၃ ရက်နေ့သို့ ပြန်လည်ချိန်းဆိုခဲ့သည်ဟု ရှေ့နေက ပြောသည်။
သို့သော်လည်း သူ၏ ရှေ့နေအဖွဲ့သည်မူ သောကြာနေ့ ကြားနာမှုကို တက်ရောက်မည်ဖြစ်ကာ တရားရုံးသို့ ဖြေရှင်းချက်များ ကို တင်ပြသွားမည်ဖြစ်သည်။
သက်ဆင်၏ ရဲဆေးရုံကို တက်ခဲ့သည့် ကာလကို ပြစ်ဒဏ် ကျခံခဲ့သည့်ကာလ ဟုတ်မဟုတ်ကို စဥ်းစားရန် ဧပြီလတွင် တရားရုံးက ဆုံးဖြတ်ထားခဲ့သည်။
ဒီမိုကရက်အမတ်ဟောင်း ချန်ချိုင်း အစ်ဆာရာဆီနာရက်၏ အသနားခံစာကို တရားရုံးက ပယ်ချ လိုက်ပြီး ယင်းဆုံးဖြတ်ချက်ကို ကြေညာခဲ့ခြင်းဖြစ်သည်။ သက်ဆင်သည် ရဲဆေးရုံတွင် တက်ခွင့်ရပြီး လွတ်ငြိမ်းချမ်းသာခွင့်ရသည်အထိ ဆေးရုံတွင်နေထိုင်သည့်ကာလသည် ထောင်အတွင်း ပြစ်ဒဏ်ကျခံနေရသည့် သဘောဖြစ်ပါသလားဟု ၎င်းက စောဒကတက်ခဲ့သည်။
သက်ဆင်သည် ပြည်ပသို့ ၁၅ နှစ်ကျော်ကြာ တိမ်းရှောင်နေထိုင်ခဲ့ရာမှ ၂၀၂၃ ခုနှစ် သြဂုတ် ၂၂ ရက်တွင် နိုင်ငံသို့ ပြန်လာခဲ့သည်။
၂၀၀၆ ခုနှစ်မတိုင်ခင်က သူ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ် ကျူးလွန်ခဲ့သော အာဏာအလွဲသုံးစားမှုနှင့် အကျိုးစီးပွား ပဋိပက္ခများအတွက် အမှုသုံးခုဖြင့် ထောင်ဒဏ် ၈ နှစ် ချက်ချင်းချမှတ်ခံခဲ့ရသော်လည်း နောက်ပိုင်းတွင် ဘုရင့်သက်ညှာခွင့်ဖြင့် တစ်နှစ်သို့ လျှော့ချပေးခဲ့သည်။
ထိုင်းနိုင်ငံသို့ ပြန်ရောက်ရောက်ချင်း သူ့ကို ဘန်ကောက် ရီမန် အချုပ်ထောင်သို့ ချက်ချင်းပို့ဆောင်ခဲ့သည်။ သို့ရာတွင် ထောင်ထဲဝင်ပြီး ၁၃ နာရီသာကြာသေးသည့် သြဂုတ်လ ၂၂ ရက် ညပိုင်းတွင်ပင် သူ့ကို ရဲဆေးရုံသို့ ရွှေ့ပြောင်းခဲ့ခြင်းဖြစ်သည်။ Ref: ဘန်ကောက်ပို့စ်