ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့၏ အရှေ့တောင်ဘက် မီတာ ၈၅၀၀ ခန့်အကွာ ညောင်နှစ်ပင်ကျေးရွာအနီး၌
တပ်မတော်(လေ) တိုက်ခိုက်ရေးလေယာဉ်သည် ငှက်တစ်ကောင်နှင့် တိုက်မိမှု (Bird Strike) ဖြစ်ပွါးခဲ့သည်ဟု သိရသည်။
ယင်း တပ်မတော်(လေ)မှ တိုက်ခိုက်ရေးလေယာဉ်တစ်စီးသည် ယနေ့ နံနက် ၅ နာရီ ၁၆ မိနစ်ခန့်တွင် လေ့ကျင့်ပျံသန်းရေး ဆောင်ရွက်နေခဲ့ခြင်း ဖြစ်သည်။
ငှက်တိုက်မိမှုကြောင့် လေယာဉ်၏ အင်ဂျင်ခန်းအတွင်းသို့ ဝင်ရောက်သွားပြီး အင်ဂျင်မီးလောင်မှု ဖြစ်ပွားခဲ့သဖြင့် လေယာဉ်မှူးအနေဖြင့် လေယာဉ်၏ အနေအထားကို လူနေအိမ်များမရှိသည့် အရပ်မျက်နှာဘက်သို့ ဦးတည်လှည့်ပြီး လေယာဉ်ပေါ်မှ စီးနင်းသူအား စက်ခလုတ်နှိပ်၍ အပြင်သို့ ခုန်ထွက်သည့်စနစ် (Eject) ဖြင့် ခုန်ထွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ လေယာဉ်ပျက်ကျခဲ့သည့် နေရာတစ်ဝိုက်သို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်၍ လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ဖြစ်စဉ်တွင် လေယာဉ်ပေါ်တွင် လိုက်ပါလာသည့် လေယာဉ်အမှုထမ်းများ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။