၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းတွင် ကျင်းပရန် ရှိနေသည့် ပါတီစုံအထွေထွေရွေးကောက်ပွဲသည် လွတ်လပ်ပြီးတရားမျှတကာ သမာသမတ်ရှိသည့် ရွေးကောက်ပွဲဖြစ်မည်ဟု ယုံကြည်ကြောင်း ပြည်သူ့ရှေ့ဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာ သက်သက်ခိုင်က ပြောသည်။
(၁/၂၀၂၅) သတင်းစာရှင်းလင်းပွဲ အမည်ဖြင့် ရန်ကုန်မြို့၊ ဆီဒိုးနားဟိုတယ်တွင် ယနေ့ မေလ (၁၁) ရက် နံနက်ပိုင်းက ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။
“နိုင်ငံရေးပါတီက အစိုးရဖြစ်ပြီးမှ လုပ်တဲ့ ရွေးကောက်ပွဲဟာ မသမာမှုဖြစ်ဖို့ ပိုပြီးမှ အလားအလာ ရှိတာပေါ့နော်။ တပ်မတော်မှ ဦးစီးပြီး လုပ်ပေးတဲ့ ရွေးကောက်ပွဲသည် သမာသမတ်ဖြစ်မယ်လို့ ကျွန်မ ယုံကြည်ပါတယ် ” ဟု ဒေါက်တာသက်သက်ခိုင်က ပြောသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ တပ်မတော်သည် လွှတ်တော်အရပ်ရပ်တွင် အမတ် ၂၅ ရာခိုင်နှုန်း ရပြီးဖြစ်သလို ဒုတိယ သမ္မတတစ်ဦး ၊ ပြည်ထဲရေး ၊ ကာကွယ်ရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာနများတွင် ပြည်ထောင်စုဝန်ကြီး ရွေးချယ်ခန့်အပ်ခွင့်ရပြီး ဖြစ်သည့်အတွက် တပ်မတော်က ဦးဆောင်ကမကထလုပ်သည့် ရွေးကောက်ပွဲသည် သမာသမတ်ကျမည်ဟု ယုံကြည်ရခြင်းဖြစ်ကြောင်းလည်း ၎င်းက ရှင်းပြသည်။
ယခုနှစ်ကုန်ပိုင်းတွင် ကျင်းပရန်ရှိနေသည့် အထွေထွေ ရွေးကောက်ပွဲတွင် ပြည်သူ့ရှေ့ဆောင်ပါတီအနေဖြင့် ပြည်ထောင်စုတစ်ဝန်းတွင် ဝင်ရောက်ရွေးချယ်ခံရန် ရှိနေပြီး လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်နေကြောင်း သိရသည်။
ရွေးကောက်ပွဲအား လာမည့် ဒီဇင်ဘာလအတွင်းကျင်းပမည်ဟု နစကဥက္ကဋ္ဌက ပြောကြားထားပြီး လက်ရှိတွင်ရွေးကောက်ပွဲ ဥပဒေနှင့် နည်းဥပဒေများ ထွက်ပေါ်လာခြင်း မရှိသေးပေ။
သို့သော် မကြာမီကာလအတွင်း အဆိုပါ ဥပဒေ၊ နည်းဥပဒေများ ထွက်ပေါ်လာမည်ဟု ယူဆရကြောင်း ပြည်သူ့ရှေ့ဆောင်ပါတီ၏ အထွေထွေအတွင်းရေးမှူး ဒေါက်တာမျိုးဆက်သွေးက ပေါ်ပြူလာနယူးစ်နှင့် သီးသန့်အင်တာဗျူးတွင် ဖြေကြားထားသည်။