ရှမ်းပြည်နယ်၊ တန့်ယန်းခရိုင်၊ တန့်ယန်း မြို့နယ်အတွင်း ကျရောက်နေသည့် ဧရိယာအကျယ်အဝန်း (၃၂၅)ဧကရှိသောနယ်မြေကို “နမ့်ပွန်း ကြိုးပြင်ကာကွယ်တော”အဖြစ် သတ်မှတ်လိုက်ကြောင်း သိရသည်။
ထိုသို့သတ်မှတ်ခြင်းကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ၂၀၁၈ခုနှစ်တွင် ပြဋ္ဌာန်းထားသည့် သစ်တောဥပဒေပုဒ်မ၆၊ ပုဒ်မခွဲ(င) အရ အပ်နှင်းထားသောလုပ်ပိုင်ခွင့်များကိုကျင့်သုံးလျက် သတ်မှတ်လိုက်ခြင်း ဖြစ်သည်။
နမ့်ပွန်းကြိုးပြင်ကာကွယ်တော သတ်မှတ်ခြင်းအားဖြင့် အဆိုပါဧရိယာအတွင်း သစ်တောဦးစီး ဌာနက စိုက်ပျိုးထားသည့်တားမြစ်သစ်စာရင်းဝင် ထင်းရှူးပင်များအားထိန်းသိမ်းကာကွယ်နိုင်မည့်အပြင် ယင်းစိုက်ခင်းဧရိယာအတွင်း ကျူးကျော်ဝင်ရောက်ဖျက်ဆီးမှုများအား ထိရောက်စွာ တားဆီးကာကွယ်နိုင်မည်ဖြစ်ခြင်း၊ဧရိယာအတွင်းနေထိုင်ကျက်စားလျက်ရှိသည့် ရှဉ့်၊ တောကြက်၊ ခါနှင့် ငှက်စသည့် တိရစ္ဆာန်များအတွက် ကျက်စားရာဒေသအား ထိန်းသိမ်းနိုင်မည်ဖြစ်ခြင်းစသည့် အကျိုးကျေးဇူးများရရှိနိုင်မည်ဖြစ်သည်ဟု ဆိုသည်။
သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ယခုနှစ်အတွင်း ကြိုးဝိုင်းတော၁၄ခု၊ ကြိုးပြင်ကာကွယ်တော၁၅၆ခု စုစုပေါင်း ၁၇၀ ဖွဲ့စည်းသတ်မှတ်သွားရန် ရည်ရွယ်ထားကြောင်းလည်း သိရပြီး အခုလက်ရှိ၌ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကြိုးဝိုင်းတော ၈၂၆ခု၊ ကြိုးပြင်ကာကွယ်တော ၄၉၃ခု ဖွဲ့စည်းသတ်မှတ်ထားပြီး နိုင်ငံ့ဧရိယာ၏ ၂၆ရာခိုင်နှုန်းနီးပါး ဖွဲ့စည်းသတ်မှတ်ထားနိုင်ကြောင်း သိရသည်။