တတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး ကျင်းပပြုလုပ်နိုင်ရေးအတွက် ကချင်ပြည်နယ် လွှတ်တော်ရုံးအဆောက်အဦးတွင် ပြင်ဆင်ဆောင်ရွက်မှုများလုပ်ဆောင်နေကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့မှ သိရသည်။
ယင်းသို့ ပြင်ဆင်ဆောင်ရွက်မှု အခြေအနေများကို ဇန်နဝါရီ ၂၉ ရက်နေ့က ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန် နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ နှင့် အတူ သွားရောက်ကြည့်ရူခဲ့ကြောင်း သိရသည်။
ပြည်နယ်လွှတ်တော် အဆောက်အဦအတွင်း ဖွဲ့စည်းတည်ဆောက်ထားရှိမှု အခြေအနေများ၊ လွှတ်တော်အစည်းအဝေး ခေါ်ယူကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ပြည်နယ် လွှတ်တော်ရုံး ညွှန်ကြားရေးမှုး ဒေါက်တာယိန်းညော် က ရှင်းလင်းခဲ့ကြောင်း သိရသည်။
လွှတ်တော်အစည်းဝေးခန်းမ၊ အဆောက်အဦးအတွင်းရှိ အစည်းအဝေးခန်းမများ နှင့် လွှတ်တော် ဥက္ကဌ ၊ ဒုတိယဥက္ကဌ ရုံးခန်းများ ၊လွှတ်တော်ကော်မတီအရပ်ရပ်၏ ရုံးခန်းများ၊ ထောက်ပံ့မှုဆိုင်ရာ မော်တော်ယာဉ် ပြင်ဆင်ထိန်းသိမ်းထားမှုများကို လုပ်ဆောင်နေကြောင်း သိရသည်။
လွှတ်တော်ကိုယ်စားလှယ် တည်းခိုရိပ်သာဆောင်များ၊ ဝန်ထမ်းအိမ်ရာများ၊ လျှပ်စစ်မီးနှင့် ရေလုံလောက်စွာရရှိရေး စီမံဆောင် ရွက်ထားရှိမှု အခြေအနေများ၊ လုံခြုံရေးအတွက် စီမံဆောင်ရွက်သွားမည့် အခြေအနေများနှင့် လွှတ် တော်စာကြည့်တိုက်အတွင်း ကိုယ်စားလှယ်များအတွက် ဥပဒေဆိုင်ရာကိစ္စရပ်များတွင် ကိုးကားလေ့လာနိုင်ရေး စာအုပ်စာစောင်များ စုဆောင်းထားရှိမှုများ လုပ်ဆောင်ထားပြီး လုံခြုံရေးဆိုင်ရာကိစ္စရပ်များအပေါ် အလေးအနက်ထား ပြင်ဆင်ဆောင်ရွက်နိုင်ရေး စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။
