မန္တလေးငလျင်ကြီးဒဏ်ကြောင့် မန္တလေးတက္က သိုလ်၌ အဖြေလွှာများအား စာစစ်လုပ်ငန်းဆောင်ရွက်စဉ် မီးလောင်မှုဖြစ်ပွားခဲ့၍ စစ်ကိုင်းတိုင်းရှိ မြို့နယ်(၁၃)မြို့နယ်မှ စာစစ်ဌာန(၂၅)ခုတွင် ဘာသာစုံဖြေဆိုသူ ကျောင်းသား၊ကျောင်းသူ(၈၂၀၂) ဦး၏ တက္ကသိုလ်ဝင်တန်းအဖြေလွှာများ မီးလောင်ဆုံးရှုံးခဲ့ရသည်။
ထိုသို့ ပျက်စီးဆုံးရှုံးခဲ့သဖြင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲအား ပြန်လည်ဖြေဆိုရမည့် ကျောင်းသား၊ကျောင်းသူများ၊ ဆရာ၊ ဆရာမများ၊ကျောင်းသားမိဘများအား စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ဦးမြတ်ကျော်မှ ယနေ့ ဧပြီ ၂၈ ရက်နံနက်ပိုင်းက မုံရွာမြို့၌တွေ့ဆုံခဲ့သည်။
တွေ့ဆုံစဥ် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုကြရမည့် ကျောင်းသား၊ ကျောင်းသူများအား သတ်မှတ်ကျောင်းများတွင် စခန်းသွင်းသင်ကြားနေချိန်ကာလအတွင်း စိတ်အေးချမ်းသာစွာဖြင့် နေထိုင်စားသောက်မှုများလိုအပ်ချက်မရှိဘဲ ပြည့်စုံလုံလောက်အောင် တာဝန်ရှိသူများက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရမည်ဟု မှာကြားသည်။
” ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသား၊ ကျောင်းသူတွေ စခန်းသွင်းသင်ကြားနေချိန်အတွင်းမှာ သောက်သုံးရေ၊ လျှပ်စစ်မီးပျက်တောက်မှုမရှိစေဖို့၊ ကျန်းမာရေးစောင့်ရှောက်လုပ်ငန်းတွေပေးထားဖို့၊ အိပ်ဆောင်၊ စားဆောင်၊ စာသင်ဆောင်တွေ သန့်ရှင်းသပ်ရပ်မှုရှိစေဖို့နဲ့ စာမေးပွဲဖြေဆိုနေချိန်ကာလအတွင်း လုံခြုံအေးချမ်းအောင်မြင်စွာဖြေဆိုနိုင်ဖို့တွေကို တာဝန်ရှိသူတွေက အလေးထားဆောင်ရွက်ကြဖ်ု့လိုပါတယ်”ဟု တိုင်းဝန်ကြီးချုပ်ဦးမြတ်ကျော်က မှာကြားသည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား စခန်းသွင်းသင်ကြားနေချိန်ကာလအတွင်း ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် ငွေကျပ်သိန်း(၁၀၀၀)၊ ကျောင်းသား၊ ကျောင်းသူ(၄၅၄)ဦးအတွက် ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များနှင့် စာရေးကိရိယာများ ကို ထောက်ပံ့ပေးအပ်ခဲ့သည်။
ထို့အတူ တိုင်းဝန်ကြီးချုပ်သည် မုံရွာမြို့၊ အမှတ် (၂)အခြေခံပညာအထက်တန်းကျောင်း(အလုံ)တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲပြန်လည်ဖြေဆိုရမည့် ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများနှင့်တွေ့ဆုံ၍ စခန်းသွင်းသင် ကြားနေချိန်ကာလအတွင်း ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် ငွေကျပ် သိန်း(၁၀၀၀)၊ ကျောင်းသား၊ ကျောင်းသူ(၂၄၈)ဦး အတွက် ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များနှင့် စာရေးကိရိယာများကို ထောက်ပံ့ပေးအပ်ခဲ့သည်။