ပဲခူးတိုင်း၊ ညောင်လေးပင်မြို့၊ မြို့မ(၁)ရပ်ကွက်ရှိ ကမ္မဌာန်း ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း၌ မေ (၂၃) ရက်ည (၆) နာရီ (၁၅) မိနစ်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်နှင့် စေတနာလူမှုကူညီရေးအသင်းတို့မှ သိရသည်။
ညောင်လေးပင်မြို့၌ ယမန်နေ့ညက လေပြင်းတိုက်ခတ်မှုကြောင့် ကမ္မဌာန်းဘုန်းတော်ကြီး ကျောင်းဝင်းအတွင်းမှ ကုက္ကိုပင်သည် ကျောင်းဆောင်တစ်ဆောင်ပေါ်သို့ လဲကျသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“သတင်းရတာနဲ့ ညောင်လေးပင်မြို့နယ် မီးသတ်တပ်ဖွဲ့နဲ့အတူသွားပြီး ကူညီရှင်းလင်းပေးခဲ့ပါတယ်။ အမျိုးသမီးတစ်ယောက်က ကုက္ကိုပင်လဲကျတဲ့ အရှိန်ကြောင့် ထိခိုက်ဒဏ်ရာတွေရပြီး သေဆုံးသွားပါတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးက ပြောသည်။
သေဆုံးခဲ့သူ အမျိုးသမီး၏ ရုပ်အလောင်းနှင့် ထိခိုက်ဒဏ်ရာများရရှိခဲ့ကြသည့် သီလရှင်တစ်ပါးနှင့် အမျိုးသား (၂) ဦး(မစိုးရိမ်ရ)တို့အား စေတနာလူမှုကူညီရေးအသင်းကားဖြင့် ညောင်လေးပင်မြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
