နေပြည်တော် ကောင်စီနယ်မြေ၊ ဇေယျာသီရိမြိုနယ်၌ မိုးသည်းထန်စွာရွာသွန်းပြီး ဆင်ေ-သချောင်းရေနှင့် ပေါင်းလောင်းမြစ်ရေ မြင့်တက်လာပြီး စည်ပင်ကြီး ကျေးရွာအုပ်စု၊ စည်ပင်ကြီး ကျေးရွာနှင့် ချောင်းကမ်းကြီး ကျေးရွာများရှိ အနိမ့်ပိုင်းနေအိမ်များအတွင်း ရေများဝင်ရောက်လျက်ရှိကြောင်း သိရသည်။
စည်ပင်ကြီး ကျေးရွာနှင့် ချောင်းကမ်းကြီး ကျေးရွာသည် ပေါင်းလောင်းမြစ်အနီးတွင် တည်ရှိပြီး ကျေးရွာနှစ်ရွာပေါင်းရှိ အိမ်ခြေ (၄၀၀) နီးပါးသို့ ရေများ ဝင်ရောက်လျက်ရှိရာ ဒေသခံများအား ကယ်ဆယ်ရေး လုပ်ဆောင်နေရကြောင်း သိရသည်။
“ ရေက ဩဂုတ်လတုန်းကလည်း ရေတက်လာတာ ရေပြန်ကျရုံရှိသေးတယ်။ အခု မိုးပြန်ရွာလာတော့ ရေက ပြန်တက်လာတာ။ အခု တစ်ခါတက်တာ အရင်ထက်များမယ်ထင်တယ်။ မိုးက ခုထိရွာနေတယ်။ အဓိက မြစ်နဲ့ နီးတော့ မြစ်ရေတက်လာတာနဲ့ ရေကဝင်တာပဲ”ဟု စည်ပင်ကြီးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ ပြောပြချက်အရ သိရသည်။
အလားတူ စည်ပင်ကြီး အခြေခံပညာအထက်တန်းကျောင်း (ခွဲ) နှင့် အခြေခံပညာ မူလတန်းကျောင်းတို့တွင်လည်း မြစ်ရေများဝင်ရောက်လျက်ရှိကြောင်း သိရသည်။
ထို့ကြောင့် ကျောင်းသား၊ ကျောင်းသူများအား သင်ရိုးညွှန်းတမ်းများ ပြည့်မီအောင်သင်ကြားနိုင်ရေး ကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်းများသို့ ခေတ္တပြောင်းရွေ့ပညာသင်ကြားပေးလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ထို့ပြင် နေပြည်တော်၊ တပ်ကုန်းမြို့နယ်တွင်လည်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နဝင်းချောင်းရေ မြင့်တက်ပြီးတောင်ကျချောင်းရေများ ကျဆင်းလာရာ နဝင်းချောင်းဘေးရှိ ကျေးရွာအများအပြား ရေကြီးနစ်မြုပ်မှုနှင့် ရင်ဆိုင်နေရပြီး အရေးပေါ် ကူညီကယ်ဆယ်ရေးများ လိုအပ်နေကြောင်း သိရသည်။






