စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ရှိ ဆွမ်းဦးပုညရှင်စေတီတော်မြတ်ကြီးအား လုံးတော်ပြည့်ရွှေသင်္ကန်း ကပ်လှူပူဇော်ခြင်းအောင်ပွဲနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင် မင်္ဂလာအခမ်းအနားအား မတ် ၈ ရက်နံနက်ပိုင်းက စေတီတော်မြတ်ကြီးရင်ပြင်တော်ပေါ်၌ ဆင်ယင်ကျင်းပရာ သီတဂူဆရာတော်ကြီးကြွရောက်တော်မူခဲ့သည်။
ထို့အတူ စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများ၊ အလှူရှင်များ၊ ဧည့်ပရိသတ်များ တက်ရောက်ကြည်ညိုကာ သီတဂူဆရာတော်ကြီးနှင့် ကြွရောက်တော်မူလာကြသည့် ဆရာတော်၊ သံဃာတော်များက စေတီတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေကအနေကဇာတင်၍ ဗုဒ္ဓါဘိသိက်သွန်းလောင်းတော်မူခဲ့ကြသည်။
ထို့နောက် စစ်ကိုင်းတိုင်းဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက သီတဂူဆရာတော်ကြီးထံမှ ငါးပါး သီလခံယူကာ ဆရာတော်၊ သံဃာတော်များက မေတ္တသုတ်ပရိတရားတော်များကို ရွတ်ပွားသရဇ္ဇျယ်တော်မူပြီး တိုင်းဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထို့ပြင် သီတဂူဆရာတော်ကြီးမှ အနုမောဒနာတရားဟောကြားပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြပြီး တိုင်းဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စေတီတော်မြတ်ကြီးအားဖူးမျှော်ကြည်ညိုခဲ့ကြသည်။