ဆော်ဒီအာရေဗျနှင့် ယူအေအီးနိုင်ငံများသည် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်တို့ တွေ့ဆုံကြနိုင်သော နေရာများအဖြစ် မော်စကိုက ရှုမြင်ကြောင်း ရုရှားသတင်းရင်းမြစ်နှစ်ခုကို ကိုးကား၍ ရိုက်တာသတင်းဌာနက ဖေဖော်ဝါရီ ၃ ရက်တွင် ဖော်ပြသည်။
အသေးစိတ်အချက်အလက် အနည်းငယ်သာ ပြောခဲ့သော်လည်း ယူကရိန်းနှင့် ရုရှားတို့ ပါဝင်သော ဆွေးနွေးမှုများသည် တိုးတက်နေသည်ဟု ထရမ့်ပ်က မှတ်ချက်ပြုခဲ့အပြီးတွင် ယင်းသတင်းထွက်လာခြင်းဖြစ်သည်။ ထရမ့်ပ်သည် ယူကရိန်းစစ်ပွဲ ကို အမြန်အဆုံးသတ်ရေးအတွက် ကြားဝင်ဖျန်ဖြေသွားမည်ဟု ကတိပြုထားခဲ့သည်။
ရိုက်တာ၏ အဆိုအရ ရုရှားအစိုးရ အကြီးတန်းအရာရှိများသည် မကြာခင် ရက်သတ္တပတ်များအတွင်းက ဆော်ဒီအာရေဗျနှင့် ယူအေအီးနှစ်နိုင်ငံစလုံးကို သွားရောက်ခဲ့သည်ဟု ဆိုသည်။ ရုရှားသံတမန်အချို့နှင့် ထောက်လှမ်းရေးအရာရှိအချို့ကမူ အဆိုပါနှစ်နိုင်ငံစလုံးသည် အမေရိကန်ပြည်ထောင်စုနှင့် စစ်ရေး၊ လုံခြုံရေး နီးကပ်သောဆက်ဆံရေး ရှိနေသည့်အတွက် ယင်းအကြံအစည်ကို ကန့်ကွက်ကြသည်။
ပူတင်နှင့် ထရမ့်ပ်အကြား ဖုန်းဆက်သွယ်ပြောဆိုရန် ပြင်ဆင်နေသည်ဆိုသော သတင်းများနှင့် ပတ်သက်၍ အမေရိကနှင့် မည်သည့်တိုက်ရိုက်ဆက်သွယ်မှုမျိုးမှ မရှိဟု ရုရှားတာဝန်ရှိသူများက ငြင်းဆိုသည်။ ယခုနှစ်အနှောင်းပိုင်းတွင် ၎င်းတို့နှစ်ဦး လူချင်းမတွေ့ဆုံကြမီ၌ ဖုန်းဆက်သွယ်ဆွေးနွေးမှုလုပ်ဖွယ်ရှိသည်ဟု မျှော်လင့်ထားသည်။
Ref: The Kyiv Independent