(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲအတွက် အလေးမ အားကစားသမားများ အပြီးသတ်ရွေးချယ်ပွဲနှင့် Youth Camp မှ လူငယ်အလေးမ အားကစားသမားများ စံချိန်ဆန်းစစ်ပြိုင်ပွဲကို အောက်တိုဘာလ (၉) ရက် နံနက်ပိုင်းက နေပြည်တော်ဝဏ္ဏသိဒ္ဓိ အားကစားကွင်းရှိအလေးမ လေ့ကျင့်ရေးရုံ၌ ကျင်းပခဲ့သည်။
အမြန်မနှင့် နှစ်ဆင့်မပြိုင်ပွဲ ပွဲစဉ်များအဖြစ် အမျိုးသမီး (၄၈၊ ၅၃၊ ၅၈၊ ၆၃) ကီလိုတန်းပြိုင်ပွဲနှင့် အမျိုးသား (၆၀၊ ၆၅၊ ၇၁၊ ၈၈၊ ၉၄၊ +၉၄) ကီလိုတန်းပြိုင်ပွဲများကို ယှဉ်ပြိုင်ခဲ့ကြခြင်းလည်း ဖြစ်သည်။
ပြိုင်ပွဲများ အပြီးတွင် အမျိုးသမီး (၆၃) ကီလိုတန်းနှင့် အမျိုးသား (၉၄) ကီလိုတန်း အမြန်မ၊ နှစ်ဆင့်မပြိုင်ပွဲနှင့် စံ ချိန်စုစုပေါင်းတို့တွင် မြန်မာပြည်စံချိန်သစ်များတင်နိုင်ခဲ့သည့် သူဇာခင်နှင့် ဝင်းနိုင်ထွန်းတို့ကို ပြည်ထောင်စု ဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်နှင့် မြန်မာနိုင်ငံအလေးမအဖွဲချုပ် ဥက္ကဋ္ဌတို့က ဂုဏ်ပြုဆုကြေးငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
(၃၃) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက် အလေးမအားကစားသမားများ အပြီးသတ်ရွေးချယ်ရေးပြိုင်ပွဲနှင့် Youth Camp မှ လူငယ်အလေးမ အားကစားသမားများ စံချိန်ဆန်းစစ်ပြိုင်ပွဲများသို့ နေပြည်တော်တွင် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)နှင့် လူငယ်အားကစားလေ့ကျင့်ရေးစခန်း Youth Camp တို့မှ အလေးမ အားကစားသမား စုစုပေါင်း (၂၄) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
