ဆရာဝန်(သစ်လွင်) ၁,၂၅၉ ဦးနှင့် သွားနှင့်ခံတွင်း ဆရာဝန် (သစ်လွင်) ၂၁ ဦးတို့အား နိုင်ငံ့ဝန်ထမ်း ပြန်တမ်းဝင်အရာရှိအဖြစ် တာဝန်ပေးအပ်ခဲ့ကြောင်း သိရသည်။
နိုင်ငံ့ဝန်ထမ်းများ ဖြစ်လာပြီဖြစ်သဖြင့် ရင့်ကျက်မှု၊ တည်ငြိမ်မှုရှိရန်၊ အရာရာကို ကျယ်ပြန့်သည့်အမြင်ဖြင့် ကြည့်ရှုဆင်ခြင်နိုင်ကြရန်၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိကြရန် လိုပါကြောင်း၊ ဆေးပညာရှင်အနေဖြင့် သက်မွေးမှုဆိုင်ရာကျင့်ဝတ်(Professional Ethic) များ၊ ဆေးပညာရှင်များ လိုက်နာရမည့်ကျင့်ဝတ်(Medical Ethic) များကို အလေးထားပြီး လိုက်နာဆောင်ရွက်ရမည့်အပြင် နိုင်ငံ့ဝန်ထမ်းတစ်ဦး လိုက်နာရမည့် စည်းမျဉ်းစည်းကမ်း၊ ကျင့်ဝတ်များကို သိရှိလိုက်နာစောင့်ထိန်းကြရန်ဖြစ်ကြောင်း၊ မိမိတို့၏ ကျွမ်းကျင်ရာပညာရပ်များကို ပြည်သူလူထုအတွက် အသုံးချနိုင်ရမည်ဖြစ်သကဲ့သို့ နိုင်ငံ့ဝန်ထမ်းတစ်ဦးအနေဖြင့် နိုင်ငံတော်နှင့် နိုင်ငံသားတို့အပေါ် ကျေးဇူးသစ္စာစောင့်သိရမည်ဖြစ်ကြောင်းကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း ပြောကြားခဲ့သည်။
ဆရာဝန် (သစ်လွင်) နှင့် သွားနှင့် ခံတွင်းဆရာဝန် (သစ်လွင်) များအား နိုင်ငံ့ဝန်ထမ်း ပြန်တမ်းဝင်အရာရှိအဖြစ် တာဝန်ပေးအပ်ခြင်းအခမ်းအနားတွင် ဆေးတက္ကသိုလ်များမှ သင်တန်းအောင်မြင်ပြီးဖြစ်သော ဆရာဝန်(သစ်လွင်) ၁,၂၅၉ ဦးနှင့် သွားနှင့်ခံတွင်း ဆရာဝန် (သစ်လွင်) ၂၁ ဦးတို့အား နိုင်ငံ့ဝန်ထမ်း ပြန်တမ်းဝင်အရာရှိအဖြစ် တာဝန်ပေးအပ်ခဲ့ကြောင်း သိရသည်။
