နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်တွင် ကိန်းဝပ်စံပယ်တော်မူသည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရေး လုပ်ငန်းများ၊ လုံခြုံရေး၊တရားဥပဒေ စိုးမိုးရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတို့တွင် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသည့် ဆရာတော်များအား နစကဥက္ကဋ္ဌက ဂုဏ်ထူးဆောင်ဘွဲ့နှင့် ဂုဏ်ထူးဆောင်တံဆိပ်များ ဆက်ကပ်ပူဇော်ခဲ့ကြောင်း သိရသည်။
ထို့သို့ ဂုဏ်ထူးဆောင်ဘွဲ့နှင့် ဂုဏ်ထူးဆောင်တံဆိပ်များ ဆက်ကပ်ပူဇော်ခြင်းကို ယနေ့ ဇူလိုင် (၂၃) ရက်တွင် အမိန့်ကြော်ငြာစာအမှတ် ၁၂၅/၂၀၂၃ ဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ယင်းသို့ ဆက်ကပ်ရာတွင် ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ်၏ ပါမောက္ခချုပ်ဆရာတော် ဒေါက်တာဘဒ္ဒန္တဆေကိန္ဒ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ အဘိဝိနယာစရိယစာသင်တိုက်၊ ရန်အောင်မြင်တောရကျောင်း (မြို့တော်ဝန်ကျောင်း) ၏ ပဓာနနာယက ဘဒ္ဒန္တခေမာနန္ဒ (ရန်ကင်းဆရာတော်)တို့အား စည်သူဘွဲ့ ချီးမြှင့်ဆက်ကပ်ခဲ့ကြောင်း သိရသည်။
ထို့အပြင် အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ် ဒုတိယ ပါမောက္ခချုပ် ဆရာတော် ဒေါက်တာ ဘန္ဒန္တနောဓိဉာဏ၊ နိုင်ငံတော်ပရိယတ္တိသံဃာ့တက္ကသိုလ်(ရန်ကုန်) မှ ဒုတိယပါမောက္ခချုပ် ဆရာတော်နှင့် နိုင်ငံတော် ပရိယတ္တိသံဃာ့တက္ကသိုလ် (မန္တလေး) မှ ဒုတိယ ပါမောက္ခချုပ် ဆရာတော်တို့အပါအဝင် ဆရာတော်၊သံဃာတော်အပါး (၂၀)အား စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့ဖြစ်သည့် သီရိပျံချီဘွဲ့များ ပူဇော်ဆက်ကပ်ခဲ့ကြောင်း သိရသည်။