ရန်ကုန်၊ စက်တင်ဘာ ၃
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် လယ်ယာကဏ္ဍ စက်သုံးဆီလိုအပ်ချက်များကို ပူးပေါင်းညှိနှိုင်းဖြည့်တင်းနိုင်ရေးအတွက် Memorandum of Agreement (MoA) လက်မှတ်ရေးထိုးခြင်း အစီအစဉ်ကို စက်တင်ဘာ ၁ ရက်တွင် ရန်ကုန်မြို့ရှိ ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) မင်္ဂလာခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ အစည်းအဝေးတွင် ဆန်ပြည်ပတင်ပို့မှု မြှင့်တင်ရေး၊ အသင်းချုပ်၏ ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ရှေ့လုပ်ငန်းစဉ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
ထို့ပြင် ဆန်စပါးစိုက်ပျိုးခြင်း၊ ကြိတ်ခွဲထုတ်လုပ်ခြင်းနှင့် ပြည်တွင်းပြည်ပ ဈေးကွက်များသို့ တင်ပို့ဖြန့်ဖြူးခြင်း လုပ်ငန်းများတွင် လိုအပ်သည့် စက်သုံးဆီများကို အချိန်နှင့်တစ်ပြေးညီ ဖြည့်တင်းပေးနိုင်ရေးအတွက် MRF အသင်းဝင်ကုမ္ပဏီ ၄၁ ခုနှင့် DENKO Trading Co., Ltd တို့အကြား Memorandum of Agreement (MoA) လက်မှတ်ရေးထိုးခဲ့ကြသည်။
အဆိုပါ MoA အရ ဆန်စပါးစိုက်ပျိုးရေးလုပ်ငန်းများတွင် အသုံးပြုသည့် ကောက်စိုက်စက်၊ လယ်ထွန်စက်၊ ရိတ်သိမ်းခြွေလှေ့စက်၊ ရေစုပ်စက်များနှင့် လယ်ယာလုပ်ငန်းသုံးယာဉ်များအတွက် စက်သုံးဆီလိုအပ်ချက်များ ဖြစ်ပေါ်လာပါက DENKO Trading Co., Ltd အနေဖြင့် လွယ်ကူလျင်မြန်စွာ ဖြည့်တင်းပေးနိုင်ရန် ရည်ရွယ်ထားသည်။
ထိုအပြင် ဆန်စက်များ၊ အခြောက်ခံစက်များနှင့် စပါး၊ ဆန်အခြေခံ စက်မှုကုန်ထုတ်လုပ်ငန်းများတွင် အသုံးပြုသည့် မီးစက်များအတွက် လိုအပ်သည့် စက်သုံးဆီပမာဏများကို စိစစ်၍ သင့်တင့်မျှတသော ပမာဏဖြင့် အချိန်နှင့်တစ်ပြေးညီ ဖြည့်တင်းပေးနိုင်ရန် စီစဉ်ထားသည်။
အလားတူ ဆန်စပါးပြည်ပတင်ပိုသည့် ကုမ္ပဏီများ၊ သိုလှောင်ရုံများနှင့် ဆန်ဖြန့်ဖြူးရောင်းချသည့် ကုမ္ပဏီများအတွက် လိုအပ်သည့် ဒီဇယ်ဆီများကိုလည်း လိုအပ်ချက်အပေါ်မူတည်၍ စိစစ်ဖြည့်တင်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။
တစ်ဖက်တွင်လည်း DENKO Trading Co., Ltd က မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် အသုံးပြုရန် ငွေကျပ်သိန်း ၅၀၀ ထည့်ဝင်လှူဒါန်းခဲ့ရာ ရေကြီးရေလွှမ်းမှုဖြစ်ပွားခဲ့သည့် ဒေသများ ပြန်လည်ထူထောင်ရေးနှင့် မျိုးစေ့ပံ့ပိုးသည့် လုပ်ငန်းများတွင် ထပ်မံဖြည့်စွက် အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။
