ဆစ်ဒ်နီ၊ ဩဂုတ် ၇ ရက်
လေကြောင်းဝန်ဆောင်မှု ဝန်ထမ်းအင်အား မလုံလောက်မှုကြောင့် သောကြာနေ့တွင် ဆစ်ဒ်နီလေဆိပ်၌ လေယာဉ်ခရီးစဉ် အမြောက်အမြား ကြန့်ကြာခဲ့ရပြီး အချို့သော ခရီးစဉ်များကို ဖျ-က်သိမ်းခဲ့ရကြောင်း သတင်းရရှိသည်။
Qantas လေကြောင်းလိုင်း၏ သတင်းထုတ်ပြန်ချက်အရ ဆစ်ဒ်နီလေဆိပ်မှ ထွက်ခွာမည့် ပြည်တွင်းနှင့် အပြည်ပြည်ဆိုင်ရာ လေယာဉ်ခရီးစဉ် ၅၀ ကျော်မှာ မိနစ် ၉၀ အထိ ကြန့်ကြာခဲ့ရပြီး ပြည်တွင်းခရီးစဉ် ၄ ခုကို ဖျ-က်သိမ်းခဲ့ရကြောင်း သိရသည်။
Qantas အုပ်စုပိုင် လေယာဉ်ခ သက်သာသော လေကြောင်းလိုင်းတစ်ခုဖြစ်သည့် ဂျက်စတား၌လည်း ခရီးစဉ် ၂၅ ခု ကြန့်ကြာခဲ့ရပြီး Virgin Australia လေကြောင်းလိုင်းတွင် ခရီးစဉ် ၂၀ ကြန့်ကြာခဲ့သည်။
ယခုကဲ့သို့ ကြန့်ကြာမှုများမှာ ဝန်ထမ်းအင်အား လုံလောက်မှု မရှိခြင်းကြောင့် ဖြစ်ကြောင်း ဆစ်ဒ်နီအခြေစိုက် သတင်းစာ The Daily Telegraph က ဖော်ပြထားသည်။
အဓိက လေကြောင်းလုပ်ငန်းအဖွဲ့အစည်းဖြစ်သော Airlines for Australia and New Zealand ၏ အမှုဆောင်အရာရှိချုပ် စတီဗင် ဘက်ကက် က ယခုကြန့်ကြာမှုများသည် နိုင်ငံ၏ လေကြောင်းကွန်ရက်တစ်ခုလုံးအတွက် အလွန်ဆိုးရွားသည့် ထိခိုက်မှု ဖြစ်ကြောင်း Daily Telegraph သတင်းစာသို့ ပြောကြားခဲ့သည်။
Airservices Australia ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကမူ လုပ်ငန်းဆိုင်ရာ ကန့်သတ်ချက်များကြောင့် ဆစ်ဒ်နီလေဆိပ်တွင် လေကြောင်းသွားလာမှု ထိန်းချုပ်ရေး မူဝါဒများကို ကျင့်သုံးခဲ့ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
“Airservices ၏ လေကြောင်းထိန်းသိမ်းရေး ဝန်ထမ်းများသည် ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် အလွန်အရေးပါပြီး စိန်ခေါ်မှုများပြည့်နှက်နေသည့် ယခုတာဝန်ကို ထမ်းဆောင်နေရခြင်းအတွက် အထူးပင် ဂုဏ်ယူကြပါသည်” ဟု အဆိုပါ ပြောရေးဆိုခွင့်ရှိသူက ထုတ်ပြန်ချက်တွင် ထည့်သွင်းပြောကြားခဲ့သည်။
Ref: ဆင်ဟွာ
