စူပါတိုင်ဖွန်း ရက်ဂဆာသည် ၎င်းဖြတ်သန်းတိုက်ခတ်ရာ ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းတွင် လူသုံးဦးထက်မနည်းကို သေဆုံးစေခဲ့ပြီးနောက် ဟောင်ကောင်ကို အရှိန်ပြင်းပြင်းဖြင့် နီးကပ်လာခဲ့ပြီဖြစ်သည်။
ဟောင်ကောင်အာဏာပိုင်များသည် မုန်တိုင်းသတိပေးချက်အတွက်တတိယအမြင့်ဆုံး သတိပေးချက်ကို ထုတ်ပြန်ခဲ့ပြီး လေယာဉ်ခရီးစဉ် ၇၀၀ ထက်မနည်းကို ဖျက်သိမ်းလိုက်ပြီဖြစ်ကာ ယနေ့ ညနေ ၆ နာရီမှစကာ ဆိုးရွားသော အဟန့်အတားများဖြစ်နိုင်သည်ဟု မျှော်လင့်ထားသည်။
မုန်တိုင်းကို ယခုနှစ်အတွက် ကမ္ဘာတွင် အပြင်းထန်ဆုံး မုန်တိုင်းတစ်ခုအဖြစ် မိုးလေဝသပညာရှင်များက သုံးသပ်ထားပြီး လေပြင်းတိုက်ခတ်နှုန်း သည် တစ်နာရီ လျှင် ၂၃၀ ကီလိုမီတာအထိ ရှိနိုင်သည်ဟု ဖိလစ်ပိုင် မိုးလေဝသဌာန ပက်ဂါဆာ က ပြောကြားခဲ့သည်။
တိုင်ဖွန်းသည် နောက် ၂၄ နာရီအထိ လက်ရှိအရှိန်အတိုင်း တိုက်ခတ်နေမည်ဟု ခန့်မှန်းထားကာ နောက်ပိုင်းတွင် တရုတ်နိုင်ငံ ကမ်းရိုးတန်းသို့ ချဉ်းကပ်ချိန်၌ အနည်းငယ် အားပျော့သွားဖွယ်ရှိသည်ဟု ဆိုထားသည်။
စူပါတိုင်ဖွန်းကြောင့် ဖိလစ်ပိုင်တွင် လူသုံးဦးထက်မနည်း သေဆုံးခဲ့ပြီး ထောင်နှင့်ချီ၍ အိုးအိမ်စွန့်ခွာခဲ့ရကာ ရေကြီး၊ မြေပြိုမှုများ သည် နေရာ အနှံ့ဖြစ် ပွါးခဲ့သည်။ မုန်တိုင်းဖြတ်သန်းသွားရာ ဒေသများတွင် နေအိမ်နှင့် အခြေခံအဆေက်အအုံများ အကြီးအကျယ် ပျက်စီးခဲ့သည်။
ဟောင်ကောင်နှင့် မကာအိုတွင် စာသင်ကျောင်းများ ပိတ်ထားလိုက်ရပြီး ဒေသခံများသည် ကုန်ခြောက်များကို ဝယ်ယူစုဆောင်းထားခဲ့ကြသည်။ အနီးရှိ တရုတ်၏ နည်းပညာအချက်အချာဒေသ ရှန်ကျန်းတွင် လူပေါင်း ၄ သိန်းခန့်ကို ဘေးလွတ်ရာရွှေ့ပြောင်းကြရန် အမိန့်ထုတ်ခဲ့ကြောင်း သိရသည်။
Ref: အင်ဒပန့်ဒင့်
