မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့၌ စုစုပေါင်းအရှည် (၃၂,၈၁၃)ပေ၊ အကျယ်(၂၄)ပေအဆင့်မြှင့်တင်ထားသော အဓိကလမ်းမကြီး(၅)လမ်းကို ယနေ့ မေ ၁၆ ရက်တွင် နိုင်ငံ တော်သမ္မတ ဦးမင်းအောင်လှိုင်က ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
ပဒေသာမြို့သစ်၊ ရပ်ကွက်ကြီး(၈)နှင့် ရပ်ကွက်ကြီး (၁၀)ရှိ အဓိကလမ်းမကြီးများဖြစ်သည့် နဝရတ်လမ်း၊ သိင်္ဂီလမ်း၊ ပြည်သာယာလမ်း၊ ရတနာလမ်း၊ မာလာယု ဇနလမ်းတို့အား နိုင်ငံတော်အစိုးရသစ်၏ ရက် (၁၀၀) စီမံချက်ဖြင့်ဆောင်ရွက်ပြီးစီးခဲ့၍ နိုင်ငံတော်သမ္မတက အထိမ်းအမှတ်ကမ္ပည်းမော်ကွန်းအား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီးများဖြစ်သည့် ဦးခင်မောင်ရီ၊ ဦးမြထွန်းဦး၊ ဦးမင်းနောင်နှင့် မန္တလေးတိုင်းဝန်ကြီး ချုပ်ဦးမျိုးအောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြကာ နိုင်ငံတော်သမ္မတက အဓိကလမ်းမကြီး(၅)လမ်းအားကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
နိုင်ငံတော်အစိုးရသစ်၏ ရက်(၁၀၀)စီမံချက်ဖြင့် ဆောင်ရွက်ပြီးစီးခဲ့သည့် ပြင်ဦးလွင်မြို့၊ ပဒေသာမြို့သစ်၊ ရပ်ကွက်ကြီး(၈)နှင့် ရပ်ကွက်ကြီး(၁၀)ရှိ အဓိကလမ်းမကြီးများဖြစ်သော နဝရတ်လမ်း၊ သိင်္ဂီလမ်း၊ ပြည်သာယာလမ်း၊ ရတနာလမ်း၊ မာလာယုဇနလမ်းတို့သည် ပဒေသာမြို့သစ်စတင်အကောင်အထည်ဖော် စဉ်ကပင်တည်ရှိခဲ့ခြင်းဖြစ်ပြီး မူလလမ်းအကျယ်(၂) လမ်းသွားဖြစ်သော်လည်း ကား(၂)စီးတိမ်းရှောင်ရန်လုံလောက်သည့် အခြေအနေတွင်မရှိ၍ လမ်း(၅)လမ်း ၏ စုစုပေါင်းအရှည်(၃၂,၈၁၃)ပေအား အကျယ်(၂၄) ပေအထိ လမ်းအဆင့်မြှင့်တင်တိုးချဲ့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပြင်ဦးလွင်မြို့နယ်စည်ပင်သာယာမှ မြို့တွင်းလမ်းများအားအဆင့်မြှင်တင်ခြင်းကို မြို့အင်္ဂါရပ်နှင့် အညီဖြစ်စေရန် ၂၀၂၁ ခုနှစ်မှ ၂၀၂၆ ခုနှစ်အထိ နိုင်လွန်ကတ္တရာလမ်းပေါင်း(၁၆)လမ်း၊ မိုင်အရှည် (၁၂)မိုင် (၄)ဖာလုံကိုဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။
