ကိုရီးယားကျွန်းဆွယ်တွင်စီးပွားရေး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးတို့တွင်သိသိသာသာတိုးတက်စေရန်တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့သည် ဇွန်လ ၁၀ ရက် နေ့တွင်ကတိပြုခဲ့ကြသည်ဟု မစ္စတာလီ၏ရုံးက ပြောကြားခဲ့သည်။
ပြီးခဲ့သည့်သီတင်းပတ်က မစ္စတာလီသည် ရာထူးတာဝန်စတင်ထမ်းဆောင်သည်နှင့် ၎င်းတို့နှစ်ဦးအကြား ပထမဆုံး ဖုန်းခေါ်ဆိုမှုတွင် စီးပွားရေး၊ လုံခြုံရေးနှင့် ယဉ်ကျေးမှုနယ်ပယ်များတွင် နှစ်နိုင်ငံ ပိုမိုတက်ကြွစွာ ဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုအတွက် မျှော်လင့်ကြောင်း တောင်ကိုရီးယားသမ္မတက မစ္စတာရှီကိုပြောခဲ့သည်ဟု သူ၏ပြောရေးဆိုခွင့်ရ အမျိုးသမီးက ပြောကြားခဲ့သည်။
“ကိုရီးယားကျွန်းဆွယ် နျူကလီးယားကင်းစင်ရေး၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကိစ္စရပ်တွေမှာ တရုတ်နိုင်ငံက အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေပါဝင်ဖို့ရာ သမ္မတလီက တောင်းဆိုခဲ့ပါတယ်” ဟု သတင်းစာရှင်းလင်းပွဲတွင် မစ္စကန်ယူဂျွန်းက ပြောဆိုခဲ့သည်။
နှစ်နိုင်ငံအတွက် ဘုံအကျိုးစီးပွံားဖြစ်သောကြောင့် ပြဿနာဖြေရှင်းရေးအတွက် တရုတ်နိုင်ငံဘက်မှ ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ကြောင်း သမ္မတ ရှီကျင့်ဖျင်က ပြန်လည်ပြောဆိုခဲ့သည်ဟုလည်း မစ္စ ကန်က ပြောကြားသည်။
ဒီဇင်ဘာလအတွင်းက မအောင်မြင်သော စစ်အုပ်ချုပ်ရေးဥပဒေပြဌာန်းရန် ကြိုးပမ်းခဲ့မှုကြောင့် ယွန်းဆွတ်ယိုးလ် သမ္မတရာထူးမှ ဖြုတ်ချခံခဲ့ရပြီးနောက် ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော မစ္စတာလီသည် ဇွန်လ ၄ ရက်နေ့တွင် သမ္မတတာဝန်စတင်ထမ်းဆောင်ခဲ့သည်။
မစ္စတာလီအနေဖြင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်၊ ဂျပန်ဝန်ကြီးချုပ် ရှီဂီရူ အီရှီဘာတို့နှင့် ဖုန်းဆက်သွယ်ပြောဆိုထားပြီးလည်းဖြစ်သည်။
တရုတ်နိုင်ငံပိုင် မီဒီယာက အစောပိုင်းတွင် ထုတ်ပြန်ပြောဆိုရာ၌ နှစ်နိုင်ငံအနေဖြင့် အချင်းချင်း၏ အဓိကအကျိုးစီးပွားများနှင့် အဓိကစိုးရိမ်ပူပန်ချက်များအပေါ် လေးစားမှုရှိရမည်ဖြစ်ကာ ဆက်ဆံရေးသည် လမ်းကြောင်းမှန်ဖြင့် ရှေ့ဆက်ရမည်ဖြစ်ကြောင်း မစ္စတာရှီက မစ္စတာလီကို ပြောခဲ့သည်ဟု ဆိုသည်။
နှစ်နိုင်ငံအကြား မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်သည့် မိတ်ဖက်ဆက်ဆံရေးသည် နှစ်နိုင်ငံစလုံးအတွက် အကျိုးအမြတ်များ ပိုမိုဆောင်ကြဉ်းပေးမည်ဖြစ်ကာ ရှုပ်ထွေးနေသော ဒေသတွင်းနှင့် နိုင်ငံတကာအခြေအနေများတွင် ပိုမိုသေချာရေရာမှုကိုပေးစွမ်းစေမည်ဟု မစ္စတာရှီက ပြောဆိုကြောင်း နိုင်ငံပိုင် စီစီတီဗီသတင်းဌာနက ဖော်ပြခဲ့သည်။
Ref: စထရိတ်တိုင်းမ်စ်