ယခု ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် စိုက်ဧကငါးသန်းကျော်အတွက် စိုက်ပျိုးစရိတ်ချေးငွေကျပ် ၆၈၈ ဘီလီယံ ထုတ်ချေးမည်ဖြစ်ကြောင်း သိရသည်။
ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီအစည်းအဝေး (၁/၂၀၂၅) မှသိရသည်။
အခြေခံစားသောက်ကုန်ဈေးနှုန်းများမြင့်တက်မှုသည် ပုံသေဝင်ငွေရရှိသည့် လခစားဝန်ထမ်းများနှင့် အခြေခံလူတန်းစားများအပေါ် သက်ရောက်မှုကြီးမားကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ အတိုးနှုန်းသက်သာသည့် ချေးငွေများနှင့် ကူညီပံ့ပိုးပေးလျက်ရှိကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကပြောသည်။
နိုင်ငံတော်အစိုးရအနေဖြင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ အတိုးနှုန်းသက်သာသည့် ချေးငွေများနှင့် ကူညီပံ့ပိုးပေးလျက်ရှိကြောင်း၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် စုစုပေါင်း စိုက်ဧကငါးသန်းကျော်အတွက် စိုက်ပျိုးစရိတ်ချေးငွေကျပ် ၆၈၈ ဘီလီယံ ထုတ်ချေးရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်တွင်း စားသုံးဆီတိုးမြှင့်ထုတ်လုပ်ရေး ရင်းနှီးလည်ပတ်ငွေလိုအပ်ချက်များအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေက အတိုးနှုန်းသက်သာသည့် ချေးငွေများကို ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
ထို့အပြင် သဘာဝဘေးအန္တရာယ်ကျရောက်မှုများကြောင့် ကုန်ဈေးနှုန်းအပေါ် သက်ရောက်မှုမဖြစ်စေရေးအတွက် ကြပ်မတ်ထိန်းသိမ်းပေးရမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။
ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီကို ၂၀၂၃ ခုနှစ် ဩဂုတ် ၁၈ ရက်တွင် ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး အခြေခံစားသောက်ကုန်ပစ္စည်းများဖြစ်သည့် ဆန်၊ စားသုံးဆီ၊ သားငါး၊ ဥနှင့် မီးဖိုချောင်သုံး ကုန်ပစ္စည်းများ ဈေးနှုန်းတည်ငြိမ်ရေး၊ ပြည်တွင်းလိုအပ်ချက်နှင့် ထုတ်လုပ်မှုပမာဏ ညီညွတ်မျှတရေး၊ ကုန်စည်စီးဆင်းမှု အဝင်၊ အထွက်မှန်ကန်ရေး၊ ကုန်ဈေးနှုန်းတည်ငြိမ်မှုပျက်ပြားစေမည့် ကိစ္စရပ်များအား ဥပဒေနှင့်အညီ ကြီးကြပ်ရေးလုပ်ငန်းများကို ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
