ကျွန်တော်သည် မန္တလေးသား ဝတ္ထုရေးသူများအနက် ဂျာနယ်ရေစီးကြောင်းထဲသို့ အစောဆုံးခုန်ချခဲ့သူဖြစ်သည်။
ထိုအချိန်က သတင်းဂျာနယ်ဆို သည်များမှာ တစ်ပတ်အတွင်း ပြည်တွင်းပြည်ပသတင်းများကိုပင် ပီပီ ပြင်ပြင် မဖော်ပြနိုင်ကြသေး။ စာပေ လွတ်လပ်ခွင့်ဆိုသည်ကလည်း အလွန် အမင်းမိုးခေါင်ဆဲ။ ထို့ကြောင့် ရုပ် ရှင်ဂီတအနုပညာရေးရာ သတင်းပဒေသာ ကိုးဆယ်ရာခိုင်နှုန်းဖော်ပြ သော ဂျာနယ်ဆိုသည်များအပေါ် စာရေးဆရာ တော်တော်များများနှင့် မဂ္ဂဇင်းအယ်ဒီတာတချို့က သိပ်အရာမသွင်းချင်ကြသောကာလတစ် ခုလည်းဖြစ်သည်။
ကျွန်တော်သည် မဟေသီ မဂ္ဂဇင်းဒီဇိုင်နာဟောင်း ဆရာကိုဇန်ဇန်ကို အကြောင်းပြုပြီး မိတ်ဆွေ သံယောဇဉ်ဖြင့် ဂျာနယ်လောကထဲသို့ ၁၉၉၇ခုနှစ်တွင် ရောက်ရှိလာသူဖြစ် သော်လည်း ထိုအချိန်မတိုင်မီက တည်းက မဂ္ဂဇင်းသစ်တစ်အုပ် ကောက်ဖတ်ပြီဆိုလျှင် စာပေရုပ်ရှင် ဂီတသဘင်အနုပညာစာမျက်နှာများ ကို ဦးစွာ ကောက်ဖတ်လေ့ရှိကြောင်း ရေးဖော်အပေါင်းအသင်းများပင် အသိအမှတ်ပြုထားရသူလည်းဖြစ် သည်။ သည်သို့သော ဝတ္ထုရေးသူ တစ်ယောက်နှင့် ထိုဂျာနယ်မျိုး ဖူးစာ ဆုံမိခြင်းမို့ သဘာဝတော့ကျသည်ဟုပင် ဆိုရပါမည်။ ယခုနေ ပြန်စဉ်းစားသည့်အခါ ဝတ္ထုရေးသမားများထဲက ရုပ်ရှင်ဂီတ အနုပညာအကြောင်းအရာများကို ဂျာနယ်စာမျက်နှာမှာ ရေးခဲ့သူကား ရှားပါးဘိခြင်း။ ထိုအနေအထားကပင် နာမည်တစ်လုံး၊ စာမူခတချို့အတွက် မရည်ရွယ်ဘဲ ရုပ်ရှင်ဂီတအနုပညာ ရေးရာအကြောင်းအရာများကို စိတ် ပါဝင်စားစွာ ရေးလေ့ရှိသော စာရေး ဆရာမတစ်ယောက်ကို သွားတွေ့ သည်။
ထိုဆရာမမှာ မကြာမီရက်ပိုင်း ကမှ မန္တလေးဆေးရုံကြီးမှာ ကွယ် လွန်သွားခဲ့သော ဆရာမခင်ပန်နှင်း ပင်ဖြစ်သည်။ ကျွန်တော်သည် ဆရာ မရေးသည့် အနုပညာဆောင်းပါးများ ကို အားပေးဖတ်ရှုသည့်ပရိသတ် တစ်ယောက်လည်းဖြစ်သည်။ ဆရာ မနှင့် အဆိုတော်မေဆွိတို့၏ အင် တာဗျူးတစ်ပုဒ်ကိုလည်း မှတ်မိနေ သည်။ မေဆွိထံသွားပြီး အင်တာဗျူး စဉ် သူခံစားနားထောင်ခဲ့သော မေ ဆွိစီးရီးခွေများကို အိတ်တစ်လုံးထဲ ထည့်ယူသွားပြီး တစ်ခွေချင်းထုတ် ချပြကာ တွေ့ဆုံမေးမြန်းခဲ့သည်။ ရုပ်ရှင်ဂီတအနုပညာနှင့်ပတ်သက်ပြီး စိတ်နှစ်ခံစားပျော်ဝင်သွားတတ်သည် ကိုလည်း သဘောကျလှသည်။ နာ မည်ကြီးဝတ္ထုများကို ရုပ်ရှင်ရိုက်တော့ မည်ဆိုလျှင် ဇာတ်ကောင်စရိုက်နှင့် ထပ်တူသရုပ်ဆောင်နိုင်မည့်သူများ ကို ခေတ်ပြိုင်သရုပ်ဆောင်များထဲက နေ ဘယ်သူနှင့်လိုက်သည်၊ ဘယ်သူ နှင့် မလိုက်ဘူးဟု ရေးတတ်သည်များ ကိုလည်း နှစ်သက်မိသည်။
တစ်ခါတော့ ရန်ကုန်ရောက် ခိုက် ဂျာနယ်တစ်တိုက်မှာ ဆရာ မခင်ပန်နှင်း၏ စာတွေသဘောကျကြောင်း ပြောမိတော့ ဝိုင်းရယ်ကြ သည်။ မိတ်ဆွေအယ်ဒီတာချုပ်ကြီး ခွက်ထိုးခွက်လန်ရယ်ရင်း “တူမှာပေါ့ …နင်နဲ့ တူတာကိုး” ဟု ပြောခဲ့သည်ကိုလည်း မှတ်မိနေသည်။ စဉ်းစားကြည့်တော့ ကျွန်တော် သည်လည်း အနုပညာဆောင်းပါးတစ်ပုဒ်ကို အစောကြီးရေးခဲ့ဖူးတာပါကလား။ ၁၉၉၇ခုနှစ် စက်တင်ဘာမှ ကျွန်တော်က နံနက်ခင်းသတင်းဂျာ နယ်သို့ရောက်သည်။ ထိုမတိုင်မီ ၁၉၉၅ခုနှစ်ကတည်းက မဟေသီ မဂ္ဂဇင်းမှာ ရုပ်ရှင်သတင်းဆောင်းပါးတစ်ပုဒ်ကို နာမည်မခံဘဲ ရေးနှင့်ပြီး ခဲ့ပြီ။
မဟေသီမဂ္ဂဇင်းစာမျက်နှာများ ပေါ်မှာ နေရာလေးတစ်ခုရရှိအောင် မေတ္တာဖြင့် အကျိုးဆောင်ကြသူများမှာ ကျွန်တော့်သူငယ်ချင်းစာရေး ဆရာများဖြစ်သည်။ အတိအကျ ပြောရလျှင် မဟေသီမှာ “သူတို့ဘာ တွေပြောကြသလဲ” ခေါင်းစဉ်ဖြင့် စာပေဝေဖန်ရေးများ ရေးခဲ့ကြသော “စာအိုး” ဘုံကလောင်တွင် ပါဝင်ကြ သော ဆရာများဖြစ်သည်။ ထိုဆရာ များ ၁၉၉ဝခုနှစ်တွင် ရန်ကုန်ရောက် ခိုက် မဟေသီမဂ္ဂဇင်း တာဝန်ခံအယ် ဒီတာဆရာဦးခင်မောင်မြင့်နှင့် တွေ့ခဲ့အပြီးမှာ ကျွန်တော်လည်း “ဇန်မြင့်” ဖြစ်သွားကာ “ရွှေပါးစပ်ငွေပါးစပ်” ခေါင်းစဉ်ဖြင့် ပင်တိုင်တစ်နေရာ ရသွားခဲ့သည်။ ၁၉၉၅ခုနှစ်မှာလည်း ဆရာကျော်ရင်မြင့်နှင့် ဆရာဦးခင် မောင်မြင့်တို့တွေ့အပြီး မန္တလေးမြို့ မှာ ကျင်းပသည့် ရုပ်ရှင်စိန်ရတုအကြို ရုပ်ရှင်ပွဲတော်သတင်းရေးရန် ကျွန်တော့်တာဝန်ဖြစ်လာရပြန် သည်။
ဦးခင်မောင်မြင့်က ရုပ်ရှင်စိန် ရတုသတင်းဆောင်းပါးတစ်ပုဒ် အရေးပေါ် ရချင်နေသည်။ “ဆရာတို့ အဲဒီပွဲရောက်သေးသလား” ဟု မေးသည်တဲ့။ ” ကျွန်တော်တို့တော့ မရောက်ဖြစ်ဘူး။ ကိုသိုက်ကြီးတော့ သွားတယ်ထင်တယ်” ကနေ ကျွန် တော့်ဆီ အထုပ်ကြီးရောက်လာတော့ သည်။ဘယ်လိုမျှ အကြောင်းပြ ငြင်းမရ။ အလှည့်ကျနွဲ့မရ။ ထိုရုပ်ရှင်သတင်းဆောင်းပါး အကြောင်း ပြောပြရပါဦးမည်။
” ငယ်ငယ်တုန်းကလို ရင်ခုန်သံ မမြန်တော့သော်လည်း လွမ်းသလိုလိုဘာလိုလို။ ဘာကိုလွမ်းတာလဲ။ ဘယ်သူ့ကို လွမ်းတာလဲ၊ အမျိုး အမည်ဖော်မရ။ တစ်ခုခုကိုရော အားလုံးကိုပါ လွမ်းနေတာလည်း ဖြစ်နိုင်သည်။ ဝင်းလိုက်ရုပ်ရှင်ရုံကြီး က အအေးရုံဖြစ်လာသည်မှာ မကြာ လှသေး။ သို့သော် ကျွန်တော်က ပန် ကာရုံသစ်ကြီးဘဝကို ပြန်လွမ်းနေ မိသည်။ ပန်ကာရုံဆိုသော်လည်း စိမ့် မနေသည့်တိုင် အအေးဓာတ် ကောင်းကောင်းရသော ရုပ်ရှင်ရုံ။ ရုပ်ရှင်ဇာတ်ကားအသံထွက်ကို အနားထိုင်ပြောနေသလိုကြားရ အောင်စီမံထားသည်။ နံရံတပ် အသံသေတ္တာများ။ အခြောက်တိုက် ဆူညံတတ်သည့် ရုပ်ရှင်ပရိသတ်ကို ပင် ရုံ၏ အဆင့်အတန်းကြောင်း ရှိုးတိုးရှန်းတန့်ဖြစ်စေပြီး အတန် အသင့်ငြိမ်သက်နေအောင် ထိန်း ချုပ်ထားနိုင်စွမ်းရှိသည်။ ရုံတွင်း လျှပ်စစ်မီးထွန်းထားပုံစနစ်။ နန်း ဆန်မန်းဆန်သည့် ကဏာမအဖွင့် ရေခင်းသံတီးလုံး။ စိမ်းတစ်ခါ၊ ပြာ တစ်လှည့်နီချည်ဝါချည်ပြည့်ဖုံးကားအဖွင့်။ မဟေသီဆောင်းပါးကို အတိတ် ဝင်းလိုက်ရုပ်ရှင်ရုံပုံရိပ်၊ မန္တလေးရုပ် ရှင်ကုမ္ပဏီလီမိတက်က ထုတ်လုပ် သော ရုပ်ရှင်ကားများအကြောင်း၊ ကျောင်းသားဘဝ ရုပ်ရှင်လက်မှတ် တိုးဝှေ့ကြည့်ရပုံများ အစချီဖွင့်လိုက်သည်။
” ယခုလည်း လူအုပ်ထဲတိုးဝှေ့ နေရပြန်ပြီ။ ရှေ့ဆုံးကနေ သမီးလေး လက်ဆွဲပြီး ရောက်နေသော ကျွန် တော့်ကို နောက်က လူအုပ်၏ အတွန်းအထိုးခံနေရသည်။ ရှေ့ကို ပင်ဟပ်ထိုးလဲလုလု။ အဲသည်ထက် ရှေ့ကျော်လို့က မဖြစ်။ ရှေ့မှာ အတားအဆီးအဆို့အပိတ်များနှင့်။ အဲသည်ကို ကျော်တက်ဖြတ်သန်းခွင့် မရှိ။ ကျွန်တော်တို့သားအဖက ဖိတ်ကြားခံရသော ဧည့်သည်များမဟုတ်။ အထူးဖိတ်ကြားထားသော မြို့မျက် နှာဖုံးထဲမှာ မပါဝင်။ ရုပ်ရှင်ချစ်သူ ပရိသတ်တွေ ကြားထဲက သူလို ကိုယ်လို ရုပ်ရှင်ချစ်သူတွေ” ။
ထို့နောက် အကန့်အသတ် များသည် မင်းပွဲစိုးပွဲများရှောင်ကွင်း လေ့ရှိကြောင်း၊ သံဆူးကြိုး ဟိုမှာဘက် က မြနန္ဒာအကနှင့် သင်္ကြန်ဖွင့်ပွဲများ ကို စိတ်မဝင်စား ကြောင်း၊ တောင် ပြုန်းရတနာဂူလို “အားလုံးလည်း ပျော် သိန်းဇော်လည်းပျော်” ဆိုသည့် နေရာများကမှ သဘောကျစရာရှိကြောင်း ဆက်ရေးသည်။ သည်ပွဲက တော့ သမီးငယ်လေးပူဆာလွန်း၍ ပရိသတ် ကြီးထဲတိုးဝှေ့ကာ လိုက်ပြရ ခြင်းဖြစ်ကြောင်း…
” ဝင်းလိုက်ရုပ်ရှင်ရုံအပေါက်ဝမှာ တခမ်းတနားတည်ဆောက်ထား သော နန်းမြို့ရိုးဝင်ပေါက်မုခ်ဦးကြီး ၏ အတွင်းဘက်မှာ ရောက်ရှိနေ သည့် သူများအကြောင်း ဆက်ရေးသည်။ ပရိသတ်အမြင်၊ ကျွန်တော် နှင့် သမီးလေးတို့အမြင်များဖြင့်။ ဒါရိုက်တာစင်ရော်မောင်မောင်၊ ဦး အောင်မြင့်မြတ်၊ ဆရာနတ်မောက် ထွန်းရှိန်တို့ကို တွေ့ရကြောင်း။ ရန်ကုန်က ချီတက်လာကြသော ကျွန်တော်တို့၏ ဆရာနှစ်ယောက် (ဦးဝင်းငြိမ်း၊ ဦးမြတ်ခိုင်)ကို လှမ်းမြင်ပြီး “ကျွန်တော်က ဆရာနှစ်ယောက် မြင်သွားမှာစိုးပြီး လူအုပ်ထဲနောက် ပြန်ဆုတ်တော့။ ဖေဖေဘာလုပ်တာ လဲဆိုပြီးသမီးက ပြန်ဆွဲထုတ်သည်။ ကျွန်တော်က ကိုယ်ရောင်ကိုယ်ဝါ သိပ်မတောက်ပလှသဖြင့် ဆရာတွေ က မမြင်။ လူအုပ်ထဲကနေ ဆွဲထုတ် သွားမှာ အစိုးရိမ်ပိုနေလိုက်သေး၏” ဟုရေးသည်။
ထို့နောက် အမေဒေါ်မေရှင် ရောက်ရှိလာသည်။ အမေက အပြာ ရောင်ဝတ်စုံလေးဝတ်ထားသည်။ ဂုဏ်ပြုခံရုပ်ရှင်အနုပညာရှင်ကြီး၏ စိတ်နှလုံးအေးချမ်းဖွယ်အသွင်နှင့် မန္တလေးပရိသတ်ကြီး၏ ကြိုဆိုနှုတ် ဆက်ကြပုံများကို ဆက်ရေးသည်။ သိပ်မကြာလိုက်။ လူအုပ်ကြီးကို နောက်ဆုတ်ခိုင်း ဘေးကပ်ခိုင်းသည့် ယာဉ်ကြောရှင်းလင်းခြင်းများနှင့် အတူ မြောက်ဘက်ကနေ ကားတန်း ကြီးဝင်လာသည်။ ကားတန်းထဲမှာ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ် ငန်းဝန်ကြီးဌာန ဝန်ကြီးဒုတိယဗိုလ် ချုပ်ကြီးကျော်ဘ၊ ပြန်ကြားရေးဝန် ကြီးဌာန ဒုတိယဝန်ကြီး ဦးသိန်းစိန် တို့ လိုက်ပါ လာကြသည်။” ဟော ဟော တောင်ဘက်ကလည်း အချိန်ကိုက် ပါပဲ။ မှန်လုံပိတ် ကားကြီးတစ်စီးဝင်လာချေပြီပေါ့။ မျှော်တော်ဇောနဲ့မောကြသူများ ဝေါ ခနဲဝေါခနဲ။ ကြည့်ကြလော့ရှုကြ လော့။ ကျော်သူ၊ စိုးသူ၊ လွင်မိုး၊ ရန်အောင်၊ မေသန်းနု၊ သီဟတင်စိုး၊ ဇင်မာဦး၊ ဒွေး၊ ရဲအောင်၊ မေသဉ္ဇာ ဦး၊ သမီးလေးက လက်ညှိုးတထိုးထိုး။ မြတ်ကေသီအောင်ကို ကျွန်တော်က မသိ။ သမီးက ပြေဇော်ကိုမသိ။ ကျွန် တော်က ကျော်ဇောကြီးကွဟု စော စောပိုင်းက အော်ဟစ်လိုက်သော ရုပ်ရှင်ချစ်သူကြီးတစ်ယောက်ကို လည်ပြန်ကြည့်မိလိုက်သေး” ။ ဒါက ဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးကျော် ဘကို ရည်ညွှန်းလိုက်ခြင်း။
ညွန့်ဝင်းမပါဘူးလား။ မန္တလေးသားဖြစ်ပြီး လိုက်မလာဘူးလား။ ထွန်းထွန်းဝင်းတို့၊ မြင့်မြင့်ခိုင်တို့ တောင်ပါသေးတာ။ မန္တလေးသား ဇော်ဝမ်းကော မဖိတ်ကြဘူးလား။ ကို ကျော်ဟိန်းမပါဘူးလားဗျို့ဆိုသည့် အသံဗလံများကိုလည်း ထည့်ရေးပေးခဲ့သည်။ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး အတွင်းရေးမှူး၊ မြန်မာ့ရုပ်ရှင်စိန်ရ တုသဘင်ကျင်းပရေးဗဟိုကော်မတီ တွဲဖက်အတွင်းရေးမှူး စင်ရော် မောင်မောင်၏ အောင်မြင်ခံ့ညား သောအသံပေါ်ထွက်လာသည်နှင့် အတူ စိန်ရတုအကြိုရုပ်ရှင်ပွဲတော် ဖွင့်လှစ်ပုံမြင်ကွင်းကိုလည်း သည်သို့ ဆက်ရေးသည်။
” ရှေ့တိုး ရှေ့တိုး ရှေ့တိုး ကြည့် ကြ။ ဘာမျှ ကောင်းကောင်းမမြင်ရ။ ထက်ထက်မိုးဦး၊ မျိုးသန္တာထွန်းနှင့် မြတ်ကေသီအောင်တို့က အမေဒေါ် မေရှင်ဘေးက ခြံရံပါလာကြသည်။ မေသဉ္ဇာဦးကိုင်ထားသည့် ငွေလင် ပန်းထဲက ကတ်ကြေးကို အမေက လှမ်းယူသည်။ မေသန်းနုနှင့် စိုး မြတ်သူဇာတို့ကိုင်ထားသည့် ဖဲကြိုးကို ဝဏ္ဏကျော်ထင်ပြည်သူချစ်သော အနုပညာရှင်ကြီးဒေါ်မေရှင်က ဖြတ် ပေးလိုက်သောအခါ မို့မို့မြင့်အောင် လက်က ရုပ်ရှင်ပွဲတော်ဖွင့်ပွဲ အထိမ်း အမှတ်ချီးမြှင့်သည့်ဆုငွေကျပ်နှစ် ထောင်ပါဝင်သောမိုးပျံပူဖောင်းတွဲ ကြီး ကောင်းကင်ယံတက်သွားသည်” ။ ကျွန်တော်က မိုးပျံပူပေါင်းကြီး တက်သွားစဉ် ဆရာနတ်မောက်ထွန်း ရှိန်သတင်းအရေးအသားပညာတစ်ခုကို သတိရပြီး ပြုံးမိသေးကြောင်း ဆက်ရေးသည်။ ထိုစဉ်က မန္တလေးမြို့ မြောက်ဘက်ရှိ ကျေးရွာတစ်ရွာမှာ သီတင်းသုံးသော ဆရာတော်တစ်ပါး နှင့် စပ်လျဉ်း၍ ရဟန္တာဆိုပြီး အကျော်ဒေးယျဖြစ်နေသည်။
လူတွေက ကောင်းကင်ယံမှာ တွဲလဲတွဲလဲနှင့် လွင့်ပျံနေသောအရာကို ရဟန္တာဆိုပြီးလက်အုပ်ချီနေကြသည်။ ထိုကာလက မန္တလေးမြို့မှာ ဈေးပွဲတော်ဖွင့်ပွဲ၊ ကုမ္ပဏီဖွင့်ပွဲ တွေ အတော်များနေခဲ့သလို၊ မြို့သူမြို့ သားများအနေနှင့်လည်းသည်လိုမိုး ပျံပူဖောင်းတွဲကြီးများနှင့် သိပ်ရင်း ရင်းနှီးနှီးမရှိလှသေး။ ထိုစဉ်ဆရာက ရဟန္တာမဟုတ်မိုးပျံပူဖောင်းသာဖြစ် ကြောင်း စာတစ်ပုဒ်ရေးကာ အလင်း ပြခဲ့သည်။
” မြန်မာနိုင်ငံ ဂီတအစည်း အရုံး(မန္တလေး)၏ တေးဂီတတီးမှုတ် သီဆိုသံများသာယာငြိမ့်ညောင်းစွာ ပေါ်ထွက်လာသည်။ အဆိုတော် ဝင်းဝင်းအောင်၏ ချိုမြကြည်လင် သောအသံ။ “အောင်စေပိုင်စေ”တဲ့။ အောင်ကြပိုင်ကြပါစေဗျာ။ ဝန်ကြီးနှင့် ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌတို့ အမှာစကားပြောကြပြီး နောက် ဖျော်ဖြေတင်ဆက်သည့် သီချင်းက မြန်မာ့ရုပ်ရှင်လျှောက်သော လမ်း။ ယဉ်မွန်မင်းနိုင်၏ တေးစာသား။ အဖွဲ့လိုက်သီဆိုသည်။
” မြန်မာ့ရုပ်ရှင်လျှောက်သောလမ်းသည် အနုပညာလမ်းဆိုသော် လည်း စိုပြည်ချောမွေ့ပန်းမွေ့ရာအတိမဟုတ်ပါပြီ…။ အနိမ့်အမြင့် အတက်အဆင်းနဲ့ အခက်အခဲများစွာ ရှိနေမည်…” အစရှိသည့် သီ ချင်းတစ်ပိုဒ်ကို ထည့်သွင်းဖော်ပြ သည်။ ကိုရဲဝင်းက လမ်းပေါ်က ချစ် သူ၊ တင့်တင့်လှိုင်က ကိုယ်ပိုင်မေတ္တာ၊ ယဉ်မွန်မင်းခိုင်က ရင်မှာပျိုးသော ပန်း၊ ဝင်းဝင်းအောင်က ကံ၊ ထိပ်တင် ဆန်းက ရေမြေဆုံးတိုင်၊ ယဉ်မေနုက ကိုယ်လိုချင်သော ပန်း၊ ဒတ္တက လမ်းပေါ်ကလူ သီချင်းများ သီဆို ကြောင်း မှတ်တမ်းတင်ပေးသည်။ ထို့နောက် ဧည့်သည်တော်များ ရုံတွင်းဝင်သွားချိန် သမီးနှင့်အတူ ရုပ်ရှင်ပွဲတော်ပြခန်းကို ဝင်ကြည့်ကြောင်း ရေးခဲ့သည်။
” ရုပ်ရှင်ပြခန်းထဲဝင်ခွင့်ရတော့ ကျွန်တော့်မှာ ဆို့နင့်ကြေကွဲလာသည်။ မန္တလေးရုပ်ရှင်ကုမ္ပဏီကြီးက ရိုက်ကူးခဲ့သည့် “ဤလူ့ဘောင်တွင်”၊ “ကံ” ၊ “မောင့်မူပိုင်ရှင်” ပိုစတာကြီးများ ရှေ့မှာ ကျွန်တော်လွမ်းဆွတ်နာကျင်နေသည်။ (ကို)ယဉ်မွန်မင်းနိုင်၏ သီချင်းကလည်း ကျွန်တော့် အလွမ်း ဓာတ်ခံကို ပို့ပေးနေသည်။ ကျွန် တော်က ပြည်သူချစ်သော ရုပ်ရှင် အနုပညာရှင်တစ်ဦးကို လက်ညှိုး ထိုး ပြမိသည်။ ပဟေဋ္ဌိဖြေနေကျ သမီးငယ်အိရှုမဝဇော်က လွယ်လွယ် လေးဖြေလိုက်မည်ကို သိလျက်နှင့် “သူဘယ်သူလဲ”ဟု မေးမိသည်။”
ထိုသူမှာ အကယ်ဒမီ မင်းသား ကြီး ဦးထွန်းဝေဖြစ်ကြောင်း ကျွန် တော်ရေးပြစရာလိုမည်မထင်။ ပြ ခန်းတာဝန်ယူကြသော မန္တလေးမြို့ သားရုပ်ရှင်ဗီဒီယိုလောကသားများ က မန္တလေးသားအနုပညာမြတ်နိုးသူ များ ပီသစွာ အလုပ်တစ်ခုကို တာဝန် ကျေပွန်စွာ လုပ်ပြလိုက်သည်။ ထို့ ကြောင့်လည်း ဂုဏ်ပြုမှတ်တမ်းတင် လိုက်သည်။ သို့သော် ကျွန်တော်တို့ စာနယ်ဇင်းလောကမှာ စာပေကင် ပေတိုင်များ ရှိနေသေးသည့်အချိန်။ အဖြတ်အတောက်အပိတ်အဆို့တွေ ကြောင့် ထွန်းဝေကို ထွန်းဝေဟု ရေးလို့မရသေး။ ဦးထွန်းဝေက Black List ။
အဆုံးပိတ်မှာတော့ သမီးလေး အိရှုမဝဇော်က စိန်ရတုအကြို ရုပ်ရှင် ပွဲတော်အဖြစ် မန္တလေးရုပ်ရှင်ရုံများ မှာ တစ်နေ့တစ်ကားပြသနေသည့် ရုပ်ရှင်ဇာတ်ကားသစ်အနည်းဆုံးသုံးကား ပြသရမည်ဟု ပူဆာကြောင်း၊ ထိုဇာတ်ကားများမှာ ဖေဇော်ဂျီနှင့် သူယောင်မယ်၊ ပြုံးသူမှာ မျက်ရည် စတွေနှင့်၊ မင်းအာဏာ၊ ကိုကိုလေ ယာဉ်မှူး၊ ကြာတော့သည်လည်း မောင့်စကား၊ အောင်မြင်သောနေ့၊ အချစ်နှင့် အကောင်းအတိုင်းဖြစ် စေမည်၊ တိုက်ပွဲခေါ်သံ ရုပ်ရှင်ဇာတ် ကားများဖြစ်ကြောင်း၊ “ဒီနေ့ကစပြီး ကြည့်မယ်ဖေဖေ” ဆိုပြီး စတင်ဂျီ တိုက်ဖို့ ကြိုးစားနေသည့် သမီးကြောင့် စိတ်ညစ်နေစဉ် ပုဂ္ဂိုလ်တစ်ဦးက “ပွဲစဉ်အားလုံးလက်မှတ် ကုန်သွားပြီ” ဟု ဝင်ပြောလိုက်သဖြင့် အလုံးကြီးကျသွားရပါကြောင်းဟု ရေးသား နိဂုံးချုပ်လိုက်သည်။
‘ ‘ ‘
တကယ်တော့ ကျွန်တော်သည်လည်း ကျွန်တော့်သူငယ်ချင်းစာရေး ဆရာများကဲ့သို့ပင် ပွဲကျင်းပရာ ဝင်းလိုက်ရုပ်ရှင်ရုံရှေ့သို့ လုံးဝမရောက်။ ဆိုခဲ့သည့်အတိုင်း ဖိတ်ကြားလည်း မခံရ။ သို့သော် ဆရာကျော်ရင်မြင့် အပို့ကောင်း၊ ဆရာဦးခင်မောင်မြင့် အမှာတော်ကောင်းသဖြင့် သမီးလေး လက်ဆွဲပြီး ဝင်းလိုက် ရုပ်ရှင် အရောက်သွားကာ ရုပ်ရှင်စိန်ရတု ဖွင့်ပွဲ တက်ရောက်ခဲ့သယောင် ကလီ ကမာ စာတစ်ပုဒ်ဖန်တီးထုတ်လုပ် လိုက်ခဲ့ရသည်။
“ဘဝသံသရာအစ သင်္ကြန်မိုးအလယ်” အမည်ဖြင့် စိန်ရတုအကြို ရုပ်ရှင်ပွဲတော် (မန္တလေး) (၁၈-၈- ၉၅) စာတစ်ပုဒ်အတွက် အချက် အလက်များကိုတော့ မန္တလေးရုပ်ရှင် ဗီဒီယိုအစည်းအရုံးမှ ရယူသည်။ ဓာတ်ပုံများကိုလည်း ဒေါက်တာခင် မောင်ကြည်(ဝတ်မှုန်ဗီဒီယို)က ကျေး ဇူးပြုသည်။မြန်မာနိုင်ငံဂီတအစည်းအရုံး (မန္တလေး)ဥက္ကဋ္ဌဖြစ်သူ ကွယ်လွန်သူမိတ်ဆွေကြီး(ကို) ယဉ်မွန်မင်းနိုင်က သီချင်းစာအုပ်တစ်အုပ်ပေးသဖြင့် စိန်ရတုအကြိုရုပ်ရှင်ပွဲတော်မှာ သီ ဆိုသည့် သီချင်းများနှင့် သီဆိုသူများ အမည်စာရင်းရလိုက်သည်။ သို့သော် မဟေသီမဂ္ဂဇင်းသို့ ပို့ လိုက်သော စာမူမှာတော့ “သိုက်ထွန်းသက်” အမည်မတပ်။ “ဇန်မြင့်”အမည်လည်း မသုံး။ ကျွန်တော့်နာမည်ရင်းဖြစ်သော “မောင်သိန်းဇော်”ဟုတပ် လိုက်သည်။ နောက်တစ်လ မဟေသီမဂ္ဂဇင်း ၁၉၉၅ခုနှစ် နိုဝင်ဘာလထုတ်မှာ တော့ ရှင်းလင်းချက်တစ်ခုပါလာ သည်။ အောက်တိုဘာလထုတ်မဟေသီ မဂ္ဂဇင်းမှာ ဖော်ပြခဲ့သည့် မြန်မာ့ ရုပ်ရှင်စိန်ရတုအကြို ” ဘဝသံသရာအစ သင်္ကြန်မိုးအလယ်” ရေးသူမှာ ကဗျာ ဆရာမောင်သိန်းဇော်မဟုတ်ပါ ကြောင်းဟူ၍….။
သိုက်ထွန်းသက်