ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြု၍ ရုပ်ရှင်ကားထုတ်လွှင့်ပြသခြင်း လုပ်ငန်းလုပ်ကိုင်ခွင့် မှတ်ပုံတင်လက်မှတ်ရယူထားသော AWS+ နှင့် cmapp.tv တို့သည် စိစစ်ရေးအဖွဲ့သို့တင်ပြထားခြင်းမရှိသော ရုပ်ရှင်ဇာတ်ကားများကို ၎င်းတို့ ၏ အက်ပလီကေးရှင်းများတွင် လွှင့်တင်ထားရှိကြောင်း စိစစ်တွေ့ရှိခဲ့ရကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ယနေ့ ဩဂုတ် (၆)ရက်တွင် အသိပေးထုတ်ပြန်ထားသည်။
ထို့ကြောင့် AWS+ နှင့် cmapp.tv တို့ကို စည်းမျဉ်းစည်းကမ်းများ မလိုက်နာသဖြင့် ၎င်းတို့၏ လုပ်ငန်းလုပ်ကိုင်ခွင့် မှတ်ပုံတင်လက်မှတ်ကို အမြဲတမ်းရုပ်သိမ်းထားပြီး တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်၊
ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြု၍ ရုပ်ရှင်ကားထုတ်လွှင့်ပြသခြင်းလုပ်ငန်း လုပ်ကိုင်ခွင့်မှတ်ပုံတင်လက်မှတ်ရ ယူပြီး သူများအနေဖြင့် မိမိတိုလွှင့်တင်သည့် Content များကို စိစစ်ရေးအဖွဲထံတင်ပြနိုင်ရေးနှင့် လုပ်ငန်းလုပ်ကိုင်ခွင့်မှတ်ပုံတင်လက်မှတ် ရယူထားခြင်းမရှိသောသူများအနေဖြင့်လည်း ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြု၍ ရုပ်ရှင်ကားထုတ်လွှင့်ပြသခြင်းလုပ်ငန်း လုပ်ကိုင်ခွင့် မှတ်ပုံတင်လက်မှတ် လျှောက်ထားရယူရမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ကထပ်မံအသိပေးထားသည်။
အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေပုဒ်မ (၄)၊ ပုဒ်မခွဲ (ဂ)ကို ကျင့်သုံး၍ အပ်နှင်းသောအမိန့်အရ ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြု၍ ရုပ်ရှင်ကားထုတ်လွှင့်ပြသခြင်းလုပ်ငန်း လုပ်ကိုင်ခွင့်အမိန့် အမိန့်အမှတ် (၃၂/၂၀၂၄) ကို ၂၀၂၄ ခုနှစ်က ထုတ်ပြန်ထားပြီး ဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြု၍ ရုပ်ရှင်ကားထုတ်လွှင့်ပြသခြင်း လုပ်ငန်းလုပ်ကိုင်ခွင့်မှတ်ပုံတင်လက်မှတ် ထုတ်ပေးခြင်းနှင့် စိစစ်ခွင့်ပြုခြင်းများကို ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
