ကိုတိုဘဒယ်၊ ဒီဇင်ဘာ ၂၆
စပိန်နိုင်ငံ အနောက်မြောက်ပိုင်း ဂလီ့စီရာ ဒေသရှိ တံတားတစ်စင်းပေါ်သို့ ဘတ်စ်ကားတစ်စီး ဖြတ်ကူးစဉ် မြစ်ထဲသို့ ထိုးကျသွားခဲ့ရာ လူ ခြောက်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း တာဝန်ရှိသူများက ဒီဇင်ဘာလ ၂၅ ရက် တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။
အဆိုပါ မတော်မဆမှုမှာ ပေါ်တူဂီနယ်စပ် အနီး ဗီဂို မြို့တွင် စနေနေ့ညက ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ဘတ်စ်ကားသည် ဂလီ့စီရာဒေသ အလယ်ပိုင်း မွန်တယ်ရိုဆိုမြို့ရှိ အကျဉ်းထောင်သို့ သက်ဆိုင်သူများထံ သွားရောက်လည်ပတ်မည့် သူများအား တင်ဆောင်လာခဲ့ကြောင်း ဒေသတွင်း သတင်းဌာန လာဗို့ ဒယ် ဂလီ့စီရာက ဖော်ပြထားသည်။
အသက် ၆၀ အရွယ် ယာဉ်မောင်းသမားတစ်ဦး အပါအဝင် လူနှစ်ဦးကို ကယ်ဆယ်ပြီး ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့များသည် မတော်မဆမှုဖြစ်ပွားရာ အနီးတွင် အလောင်းနှစ်လောင်းကို ဆယ်ယူရရှိခဲ့ပြီး ကျန်လေးလောင်းကိုမူ တနင်္ဂနွေနေ့ ညနေပိုင်းလောက်မှ မြစ်ထဲတွင် ရှာဖွေတွေ့ရှိခဲ့သည်ဟု ကယ်ဆယ်သမားက ဆိုသည်။
ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေစဉ် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ခတ္တရပ်နားခဲ့ရကြောင်း သိရသည်။
မတော်တဆမှု ဖြစ်ပွားရသည့် အကြောင်းရင်းကို မသိရသေးသော်လည်း ရာသီဥတု ဆိုးရွားမှုမှာ အကြောင်းအရင်း တစ်ရပ်အနေဖြင့် ပါဝင်နိုင်ကြောင်း အာဏာပိုင်များက ပြောသည်။
Source: CNA
