နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ မေ ၂၅ ရက်နံနက်ပိုင်းက အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ NDAA (မိုင်းလား)မှ ငြိမ်းချမ်းရေးနှင့်စည်းလုံးရေးကော်မတီ ဒု-ဥက္ကဋ္ဌ ဦးစန်ပေ့ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စား လှယ်အဖွဲ့အား တြိဂံဒေသတိုင်းစစ်ဌာနချုပ်၌တွေ့ဆုံခဲ့ခြင်းဖြစ်သည်။
တွေ့ဆုံစဉ် နစကဥက္ကဋ္ဌက မိမိတို့နိုင်ငံသည် ပြည်ထောင်စုနိုင်ငံတော်တစ်ခုဖြစ်ပြီး စစ်မှန်စည်းကမ်းပြည့်ဝသောပါတီစုံဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသောပြည်ထောင်စုစ နစ်ကိုလျှောက်လှမ်းနေကြခြင်းဖြစ်၍ နိုင်ငံတွင်းမှီတင်းနေထိုင်သည့် တိုင်းရင်းသားညီရင်းအကို မောင်နှမများအားလုံးအနေဖြင့် စည်းစည်းလုံးလုံးဖြင့် နိုင်ငံ့အကျိုးကိုဖော်ဆောင်သွားနိုင်ရန်လိုအပ်သည်ဟု ပြောသည်။
ထို့ပြင် မိမိတို့အနေဖြင့် နိုင်ငံတော်နှင့် နိုင်ငံသားအားလုံး၏ အကျိုးစီးပွားဖြစ်ပေါ်စေရေးအတွက် ကောင်းမွန်စေလိုသည့်စိတ်ဖြင့် လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်နေပြီး ဦးစားပေးအနေဖြင့် အရေးကြီးသည့် ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများတွင် နိုင်ငံတော်အစိုးရ၏ မူဝါဒနှင့်အညီ ပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေးတို့ကိုဆက်လက်ဆောင်ရွက်ရမည်ဟု ပြောသည်။
ထို့အတူ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ၊ ဒေသတွင်းစိုက်ပျိုးဖြစ်ထွန်းသည့် ရာဘာကိုအခြေခံသော စက်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရန်၊ အဆင့်မြင့်ကုန်ပစ္စည်းများထုတ်လုပ်ရန် မှာကြားပြီး နိုင်ငံတော်မှ လိုအပ်သည်များကို ထောက်ပံ့ပေးသွားမည်တို့ကိုလည်း ပြောကြားခဲ့သည်။
NDAA (မိုင်းလား) ဒု-ဥက္ကဋ္ဌ ဦးစန်ပေ့ကလည်း ၎င်းတို့အနေဖြင့် နှစ် ၃၀ ကျော်တိုင် တို့တာဝန်အရေးသုံးအတွက် အဓိကထား ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်မှလည်းလိုအပ်သည်များကူညီဆောင်ရွက်ပေးစေလိုကြောင်းတို့ကို ထည့်သွင်းတင်ပြခဲ့ကြောင်း သိရသည်။