ကချင်ပြည်နယ်၊ ဖားကန့်မြို့ရှိ စာသင်ကျောင်းများသည် လတ်တလောဖြစ်ပေါ်နေသော နယ်မြေအတွင်း စစ်ရေးအခြေအနေများကြောင့် ယာယီပိတ်ထားသည်ဟု သိရသည်။
လက်ရှိအခြေအနေတွင် မြို့နယ်ရုံးအပါအဝင် မြို့ပေါ်မှ စာသင်ကျောင်း (၅) ကျောင်းကို ယာယီပိတ်ထားခြင်းဖြစ်ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။
“မရှီကထောင်ရပ်ကွက်၊ ရေအေးချောင်းဘက်က လူတွေရှောင်ကြတယ်၊ တစ်နေ့ကလည်း မရှီကထောင်ဘက်မှာ တို-က်ပွဲ ဖြစ်တယ်၊ ကျောင်းသားကလေးတွေ သွားရေးလာရေးအတွက်လည်း စဉ်းစားပြီးတော့ ကျောင်းတွေကို ယာယီပိတ်ထားတယ်” ဟု မြို့ခံတဦးက ဆိုသည်။
လက်ရှိအခြေအနေအရ စက်တင်ဘာလ (၁) ရက် ညနေပိုင်းမှ စတင်ကာ ဖားကန့်မြို့ပေါ်ရပ်ကွက်အချို့တွင် တို-က်ပွဲဖြစ်ပွားခြင်းများ ရှိလာခဲ့သည့်အတွက် စက်တင်ဘာ (၂)ရက်မှ စက်တင်ဘာ (၈) ရက်အထိ ယာပိတ်ထားကြောင်းကို တာဝန်ရှိသူများမှ ကြေညာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုကဲ့သို့ ပိတ်ထားရသည့် စာသင်ကျောင်းများကို တို-က်ပွဲများ ပြန်လည်ငြိမ်သက်လာပါက ပြန်လည်ဖွင့်လှစ်ပေးသွားမည်ဖြစ်ကာ ယခုပိတ်ထားရသောရက်များအတွက် အစားထိုးပြန်လည်သင်ကြားပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။
