ရုရှားသည် စူပါပါဝါနိုင်ငံကြီးဖြစ်ပြီး ယူကရိန်းမှာမူ ယင်းအနေအထားမဟုတ်သောကြောင့် ရုရှားနှင့် စစ်ပွဲကို အဆုံးသတ်ရန် ယူကရိန်းဘက်က သဘောတူညီချက်ရယူသင့်သည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က စနေနေ့တွင် ထုတ်ဖော်ပြောကြားလိုက်သ်ည်။ ဗလာဒီမာ ပူတင်က ယူကရိန်းနယ်မြေအချို့ကို တောင်းဆိုခဲ့သည်ဟု သတင်းများထွက်ခဲ့သော ထိပ်သီးဆွေးနွေးပွဲအပြီးတွင် ထရမ့်ပ်က ယင်းသို့ ပြောဆိုလာခြင်းဖြစ်သည်။
မော်စကို၏ အဓိကရည်ရွယ်သော နယ်မြေများထဲမှတစ်ခုဖြစ်ပြီး စက်မှုနယ်မြေတစ်ခုဖြစ်သော ဒိုးနက်စ်တစ်နယ်လုံးကို ကိဗ်ဘက်က လက်လွှတ်လျှင် ရှေ့တန်းစစ်မျက်နှာအများစုကို ရပ်တန့်ပေးမည်ဟု ပူတင်က ကမ်းလှမ်းခဲ့ကြောင်း သောကြာနေ့က ခေါင်းဆောင်နှစ်ဦး၏ အလပ်စ်ကာ ထိပ်သီးဆွေးနွေးပွဲအပြီး၌ ထရမ့်က ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးကို ပြောပြခဲ့သည်ဟု ယင်းကိစ္စနှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ခုက ပြောကြားခဲ့သည်။
ဇလန်းစကီးက အဆိုပါတောင်းဆိုချက်ကို ပယ်ချခဲ့သည်ဟု သတင်းရင်းမြစ်က ပြောသည်။ ရုရှားသည် ၂၀၁၄ ခုနှစ်တွင် စတင်ဝင်ရောက်ခဲ့သည့် ဒိုးနက်စ်ပြည်နယ်၏ လေးပုံသုံးပုံခန့် အပါအဝင် ယူကရိန်းနယ်မြေ ငါးပုံတစ်ပုံခန့်ကို ထိန်းချုပ်ထားပြီးဖြစ်သည်။
ယူကရိန်းနှင့် ၎င်း၏ ဥရောပမဟာမိတ်များက တောင်းဆိုသည့် ကနဦးအပ-စ်အခ-တ်ရပ်စဲရေးဆိုသည်ကို မသွားဘဲ ငြိမ်းချမ်းရေးသဘောတူညီချက်ကိုသာ ရယူသင့်ကြောင်းကို ပူတင်နှင့် သူသဘောတူခဲ့သည်ဟုလည်း ထရမ့်ပ် ပြောကြားခဲ့သည်။ ယင်းသည် အပ-စ်အခ-တ်ရပ်စဲမှု မပါသော သဘောတူညီချက်မျိုးကို သူ သဘောကျမည်မဟုတ်ဟု ထိပ်သီးဆွေးနွေးပွဲမတိုင်ခင်ပြောခဲ့သည့် သူ၏ ရပ်တည်ချက်မှ ထရမ့်ပ် ပြောင်းလဲသွားခြင်းဖြစ်သည်။
“ရုရှားနဲ့ယူကရိန်းကြားက ကြောက်မက်ဖွယ်စစ်ပွဲကို အဆုံးသတ်ဖို့ အကောင်းဆုံးနည်းလမ်းက စစ်ပွဲအဆုံးသတ်စေမယ့် ငြိမ်းချမ်းရေး သဘောတူညီချက်ဆီ တိုက်ရိုက်သွားဖို့ပဲ၊ မကြာခဏဆိုသလို ကျိုးပေါက်လေ့ရှိတဲ့ အအပစ်အခတ်ရပ်စဲရေးသဘောတူညီချက်မဟုတ်ဘူး” ဟု ထရမ့်ပ်က ထရုဆိုရှယ်မီဒီယာတွင် ပို့စ်တင် ပြောဆိုခဲ့သည်။
တို-က်ပွဲများ ခေတ္တရပ်စဲရေးကို ရုရှားဘက်က ဆန္ဒမရှိခြင်းသည် ထာဝရငြိမ်းချမ်းရေးကို တည်ဆောက်ရန် ကြိုးပမ်းမှုများကို ရှုပ်ထွေးစေသည်ဟု ဇလန်းစကီးက ပြောဆိုသည်။ “သတ်တာတွေ ရပ်လိုက်ခြင်းက စစ်ပွဲရပ်ဖို့ အဓိက အစိတ်အပိုင်းတစ်ခုပဲ” ဟု ၎င်းက ဆိုရှယ်မီဒီယာ X ပေါ်တွင် ပြောဆိုခဲ့သည်။
မည်သို့ပင်ဖြစ်စေ သူသည် တနင်္လာနေ့တွင် ဝါရှင်တန်၌ ထရမ့်ပ်နှင့် တွေ့ဆုံသွားမည်ဖြစ်ကြောင်း ဇလန်းစကီးက ပြောကြားခဲ့သည်။
Ref: တီတီ
