စစ်ကိုင်းတိုင်းတွင် မြန်မာအီလက်ထရေနစ်မဲပေးစက် (MEVM) နည်းပညာအထောက်အကူပြု နည်းပြဆရာဖြစ်သင်တန်းသို့ သင်တန်းသား/သင်တန်းသူ ၁၀၅ ယောက်ကို စက်တင်ဘာ(၁၉)ရက်နေ့နှင့်(၂၀)ရက်နေ့အထိ စာတွေ့လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင် သိရသည်။
၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြန်မာအီလက်ထရေနစ်မဲပေးစက်(MEVM) နည်းပညာအထောက်အကူပြု နည်းပြဆရာဖြစ်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ကကျင်းပခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကျော်လည်း တက်ရောက်ခဲ့ကြောင်း သိရသည်။
ရွေးကောက်ပွဲကျင်းပရာတွင်အသုံးပြုမည့် MEVM မဲပေးစက်များအားကိုင်တွယ်ထိန်းချုပ် အသုံးပြုတတ်စေရန်အတွက်ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ပြီး သင်တန်းသား/သင်တန်းသူများအနေဖြင့်လည်း သင်တန်းမှပို့ချပေးသွားမည့် စာတွေ့/လက်တွေ့ သင်ခန်းစာများအား စနစ်တကျကျွမ်းကျင်တက်မြောက်အောင် ကြိုးစားသင်ယူသွားကြရန်နှင့် ပြန်လည်ထပ်ဆင့်သင်ကြားနိုင်အောင် အလေးထားတက်ရောက်သွားကြရန်လိုအပ်ကြောင်း စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဦးမြတ်ကျော်က ပြောကြားခဲ့ကြောင်း သိရသည်။
ထိုပြင် တိုင်းဒေသကြီးအတွင်းရှိ ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များ၊ ကော်မရှင်အဖွဲ့ခွဲများ၊ ကြီးကြပ်ရေးအဖွဲ့၊ အထောက်အအကူပြုအဖွဲ့များအနေဖြင့်လည်း ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် မိမိတို့ဒေသများအလိုက် တာဝန်ရှိသူများနှင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ဝန်ကြီးချုပ်က ပြောသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်သိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/ယင်းမာပင်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်မှုကော်မတီဥက္ကဋ္ဌများ၊ သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုင်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ကသာခရိုင်၊ ကောလင်းခရိုင်၊ ကန့်ဘလူခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရေဦးခရိုင်၊ မော်လိုက်ခရိုင်၊ ဟုမ္မလင်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်မှုကော်မတီဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
လာမည့်ရွေးကောက်ပွဲ အပိုင်း(၁)ကို မြို့နယ်(၁၀၂)မြို့နယ်၌ ဒီဇင်ဘာ(၂၈)ရက်နေ့တွင် စတင်ကျင်းပမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အသိပေးထားသည်။
