ငွေကျပ် (၃၀) ဘီလျံအသုံးပြုကာ တည်ဆောက်နေသည့် KBZ Center Mandalay အား KBZ Foundation နာယက ဦးအောင်ကို၀င်း ယမန်နေ့ မေလ (၁၇)ရက်က သွားရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ စင်တာအား မန္တလေးငလျင်ကြောင့် ထိခို-က်ပျ-က်စီးခဲ့သည့် မြန်မာနိုင်ငံတစ်ဝန်းမှ ရဟန်းရှင်လူ ပြည်သူများကို ကာလရှည် ကူညီထောက်ပံ့နိုင်ရန် ရည်ရွယ်တည်ဆောက်နေခြင်းဖြစ်ပြီး KBZ Center Mandalay ကို မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ် (၇၃) လမ်း x (၁၁၀) လမ်းရှိ (၁၆) ဧက ကျယ်ဝန်းသော မြေကွက်ပေါ်တွင် တည်ဆောက်နေခြင်း ဖြစ်သည်။
KBZ Center Mandalay ကို KBZ Foundation နာယကမှလှည့်လည်ကြည့်ရှုခဲ့ပြီးနောက် နေ့စဥ်အခမဲ့ လှူဒါန်းနိုင်ရေးအတွက် ဆေးဝါးမျိုးစုံ၊ အစားအသောက်များ၊ ကယ်ဆယ်ရေးနှင့် ထူထောင်ရေး ပစ္စည်းများ ပြည့်စုံစွာထားရှိရန်၊ ရေသန့်နှင့်သောက်သုံးရေများ၊ ရေသန့်စက်များ နိုင်ငံတကာ စံနှုန်းများနှင့်အညီ စနစ် တကျထားရှိရန်မှာကြားခဲ့သည်။
ထို့ပြင် မိလ္လာစနစ်နှင့် သန့်ရှင်းရေး အထူးကြပ်မတ်ဆောင်ရွက်ရန်၊ ရပ်ဝေးမှ လာရောက်မည့် သူများအတွက် ကြိုဆိုပို့ဆောင်ရေး Shuttle Bus များစီစဉ်ထားရန်၊ လာရောက်သူများ စိတ်အေးချမ်းရန်အတွက်သစ်ပင်၊ ပန်းပင်များ စိုက်ပျိုးထားရန်နှင့် ဧည့်ကြိုအဖွဲ့များ၊ လုံခြုံရေး၊ ကားပါကင် ထိန်းသိမ်းစောင့်ရှောက်ရေးတို့ကို စနစ်တကျ စီမံဆောင်ရွက်ထားရန် စသည်ဖြင့် အသေးစိတ်မှာကြားခဲ့ကြောင်းသိရသည်။
KBZ Foundation က မန္တလေးငလျင်အတွက် (၄၅) ဘီလျံ မတည်လှူဒါန်းထားသည့်အနက် ငလျင်ဘေးသင့် ပြည်သူများအား အနည်းဆုံး (၁)နှစ်မှ (၅)နှစ်အထိ ရေရှည်ကူညီပေးနိုင်မည်ဖြစ်ကာလက်ရှိတွင် (၈၀)ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
KBZ Center Mandalay တွင် စိတ်ကျန်းမာရေး အပါအဝင် လူနာ (၇၀၀) ခန့် နေ့စဥ်အခမဲ့ ကုသနိုင်သည့် ဆေးကုသခန်းများ၊ (၂၄) နာရီ Call Center ပါဝင်သည့် ထောက်ပံ့လှူဒါ န်းရေးစင်တာ၊ လူ (၂၀,၀၀၀) နေ့စဥ် အခမဲ့ စားသုံးနိုင်မည့် နေ့လည်စာ၊ ညစာထမင်းစားဆောင်၊ သောက်ရေသန့်နှင့် သုံးရေ နေ့စဥ်အခမဲ့ ဖြန့်ဖြူးပေးခြင်း၊ အခမဲ့အသုံးပြုနိုင်မည့် ရေချိုးခန်း၊ အိမ်သာနှင့် အဝတ်လျှော်စက်များ စီစဥ်ထားရှိခြင်းနှင့် အခမဲ့ အသုံးပြုနိုင်မည့် LPG Gas မီးဖိုဆောင်များ ထားရှိပေးမည်ဖြစ်သည်။