စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နှင့် မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်တို့မှ ငွေကျပ်ဘီလီယံ(၂၀)ကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားနှင့် ဘိန်းဖြူများကိုဖမ်း ဆီးရမိခဲ့ကြောင်း မူးယစ်းဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ထံမှ သိရသည်။
လုံခြုံရေးအဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ဇူလိုင် ၇ ရက်ည ၆ နာရီခွဲခန့်က စစ်ကိုင်းမြို့၊ နီလာရပ်ကွက်၊ ခရိုင်ချင်းဆက်လမ်းအနီး၌ ကျော်မင်းထွန်းမောင်းကာ ကျော်ထက်အောင် လိုက်လာသော HYUNDAI STAREX ကားနှင့် ဟန်ဌေး မောင်းလာသည့် HYUNDAI STAREX ကားတို့အား တားဆီးရှာဖွေစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရာ ကား(၂)စီးပေါ်မှ စိတ်ကြွဆေးပြား(၅ ဒသမ ၂၅)သန်းနှင့် ဘိန်းဖြူ(၂၂)ကီလိုတို့ကိုဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးချက်များအရ မူးယစ်ဆေးဝါးများကိုသယ်ဆောင်ခိုင်းသူ ဟိန်းမင်းလတ်အား ဇူလိုင် ၈ ရက်နံနက် ၈ နာရီခန့်တွင် ကျောက်ဆည်မြို့၌ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့ပြင် မန္တလေးမှကလေးသို့ မူးယစ်ဆေးဝါးများ သယ်ဆောင်ရောင်းဝယ်သူများဖြစ်သည့် ဗန်ကျဲအိုမန်းနှင့် ရွန်လှေကျုံးတို့အား ချမ်းမြသာစည်မြို့နယ်ရှိနေအိမ်၌ စိတ်ကြွဆေးပြား(၄)သန်းနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် စုစုပေါင်း ငွေကျပ်(၂ဝ ဒသ မ ၂၂၅)ဘီလီယံတန်ဖိုးရှိ စိတ်ကြွဆေးပြား(၉)သန်းကျော်နှင့် ဘိန်းဖြူ(၂၂)ကီလိုတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် မူးယစ်ဆေးဝါးများနှင့်အတူဖမ်းဆီးရမိသူများအား ဥပဒေအရအရေးယူထားပြီး မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်ရာမှရရှိသည့် ငွေ ကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ်သိမ်းဆည်းနိုင်ရန် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူနိုင်ရန်လည်း ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

