ယူကရိန်းပဋိပက္ခကို အပြီးသတ်ဖြေရှင်းရာမှာ ဗလာဒီမာ ဇယ်လန်းစကီးရဲ့ တရားမဝင်မှုက ပြဿနာတစ်ရပ်ဖြစ်တယ်ဆိုတဲ့ ရုရှားရဲ့ ရပ်တည်ချက်ဟာ အရေးမကြီးဘူးလို့ ယူဆကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့်ကပြောပါတယ်။
အိမ်ဖြူတော်မှာ ပုံမှန်ပြုလုပ်တဲ့ သမ္မတအစိုးရအဖွဲ့ အစည်းအဝေးအတွင်း သတင်းထောက်တစ်ဦးက အင်န်ဘီစီ နယူးစ်နဲ့ တွေ့ဆုံမေးမြန်းမှုမှာ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လက်ဗ်ရော့ဗ်က ဇယ်လန်းစကီးဟာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တရားမဝင်ဘူးလို့ ပြောကြားခဲ့တဲ့အပေါ် မှတ်ချက်ပေးဖို့ ထရမ့်ကို မေးမြန်းခဲ့ရာမှာ သူက ခုလိုဖြေကြားခဲ့တာပါ။
“သူတို့ ဘာပြောပြော အရေးမကြီးပါဘူး။ လူတိုင်းက ဟန်ဆောင်နေကြတာ။ အားလုံးက အဓိပ္ပာယ်မရှိတာတွေချည်းပဲ” လို့ ထရမ့်က ပြန်လည်ဖြေကြားခဲ့ပါတယ်။
အင်န်ဘီစီ နယူးစ်နဲ့ တွေ့ဆုံမေးမြန်းမှုမှာ လက်ဗ်ရော့ဗ်က မော်စကိုက ဇယ်လန်းစကီးကို “အစိုးရအဖွဲ့ခေါင်းဆောင်” အဖြစ် အသိအမှတ်ပြုပြီး ရုရှားသမ္မတ ဗလာဒီမာ ပူတင်ဟာ အဲဒီလို ခေါင်းဆောင်တစ်ဦးအနေနဲ့ သူ့ကို တွေ့ဆုံဖို့ အသင့်ရှိတယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။ ဒါပေမဲ့ ဇယ်လန်းစကီးဟာ ယူကရိန်းဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတအဖြစ်တရားဝင်မှုရှိမနေဘူးလို့လဲ လက်ဗ်ရော့ဗ်က ထပ်လောင်းပြောဆိုခဲ့ပါတယ်။
Ref: အင်န်ဘီစီ နယူးစ်
