ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်နိုင်ရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများအားလုံး မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးဖြေရှင်းကြရန် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ(RCSS)က တိုက်တွန်းထားသည်။
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၏ ၂၀၂၄ ခုနှစ် နှစ်ပတ်လည်အစည်းအဝေးကို ယခုလ ဖေဖော်ဝါရီ (၂၄)ရက်နှင့် (၂၅)ရက် တို့၌ ၎င်းတို့၏ ဗဟိုဌာနချုပ်ရှိရာ လွယ်တိုင်းလျန်းတွင် ကျင်းပပြုလုပ်ခဲ့အပြီး၊ ဗဟိုအလုပ် အမှုဆောင်ကော်မတီက ထိုသို့ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ် သည်။
ထုတ်ပြန်ချက်တွင် ရှမ်းပြည်နှင့် ပြည်ထောင်စု မြန်မာနိုင်ငံ၏ နိုင်ငံရေးပြဿနာ ဖြေရှင်းနိုင်ရေးအတွက် RCSS အနေဖြင့် တွေ့ဆုံဆွေးနွေးခြင်းနည်းလမ်းဖြင့် ကြိုးပမ်းဖြေရှင်းသွားမည်ဟုလည်း ဖော်ပြထားသည်။
ထို့ပြင် ကျေးလက်နှင့် မြို့နယ်များအတွင်းရှိ ဒေသခံလူထုနှင့် လက်တွဲ ပူးပေါင်း၍ ဒေသန္တရ အုပ်ချုပ်ရေးလုပ်ငန်းများအား ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆို သည်။
လတ်တလောကာလအတွင်း ဖြစ်ပွားနေသည့်တိုက်ပွဲများကြောင့် ပြည်သူလူထုတို့ အတိဒုက္ခရောက်ရခြင်း၊ သဘာဝဘေးကြောင့် ပြည်သူလူထုတို့ အခက်အခဲများ ဖြစ်ပွားနေသည့်အတွက် RCSS အနေဖြင့် တတ်နိုင်သမျှ ကူညီပံ့ပိုးပေးခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီက (၂)ရက် ကြာပြုလုပ်သည့် အဆိုပါ နှစ်ပတ်လည်အစည်းအဝေးသို့ အကြံပေးပုဂ္ဂိုလ်၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များနှင့် သက်ဆိုင်ကော်မတီဝင် စုစုပေါင်း (၃၁၈)တို့ တက်ရောက်ခဲ့ပြီး၊ အစည်းအဝေးအပြီး အချက်(၅)ချက်ပါ ကြေညာချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
