ငြိမ်းချမ်းရေးတံခါးဖွင့်လှစ်ဆောင်ရွက်ခြင်းသည် နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းပြီး ၎င်းမှတဆင့် ဖွံံဖြိုးတိုးတက် မှုဆီသို့ အမြန်ရောက်ရှိရန်ဖြစ်ကြောင်း ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းပြောကြား
ငြိမ်းချမ်းရေးတံခါးဖွင့်လှစ်ဆောင်ရွက်ခြင်းသည် နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းပြီး ၎င်းမှတဆင့် ဖွံ့ဖြိုးတိုးတက်မှုဆီသို့ အမြန်ဆုံးရောက်ရှိရန်ဖြစ်ကြောင်း နစက ဒုတိယဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောကြားသည်။
ယမန်နေ့ ဇွန်၁၃ ရက်တွင် ရခိုင်ပြည်နယ် စစ်တွေနှင့် ဘူးသီးတောင်တပ်နယ်တို့မှ အရာရှိ၊ စစ်သည် မိသားစုဝင်များနှင့် သီးခြားတွေ့ဆုံစဉ် ယင်းသို့ အမှာ စကားပြောကြားခဲ့ခြင်းဖြစ်သည်။
ထိုသို့ အမှာစကားပြောကြားရာတွင် နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့် ပြည်သူတစ်ရပ်လုံးက လိုလားတောင့်တကြသော ပါတီစုံဒီမိုကရေစီ စနစ် ၊ဒီမိုကရေစီ ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုတည်ဆောက်ရေး စသည့် အခြေခံနှစ်ချက်နှင့် ဦးတည်ဆွေးနွေးခဲ့ကြောင်း၊ ဖက်ဒရယ်ဆိုင်ရာ အာဏာခွဲဝေကျင့်သုံးမှုနှင့်ပတ်သက်၍ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ဥပဒေပုဒ်မများအနက်မှ ပြင်ဆင်သင့် ပြင်ဆင်ထိုက်သော အချက်များ၊ ဇယား(၁/၂/၃/၅)ပါ အချက်များကိုလည်း ဆက်လက်ဆွေးနွေးသွား ရန်ရှိကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံရေး ၊ စီးပွားရေး၊လူမှုရေး ကောင်းမွန်တိုးတက်ရန်မှာ တည်ငြိမ်းအေးချမ်းမှု ရှိရန်အဓိက အရေးကြီးကြောင်း၊ တည်ငြိမ်းအေးချမ်းမှု ရရှိရန်မှာ ငြိမ်းချမ်းမှသာ တည်ငြိမ်အေးချမ်း၍ ဖွံ့ဖြိုးတိုးတက်မှုကိုဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့ကြောင့် နစက ဥက္ကဋ္ဌ အနေဖြင့် ထားဝရငြိမ်းချမ်းရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံးကို ၎င်းကိုယ်တိုင် တွေ့ဆုံရန်ဖိတ်ခေါ်ထားပြီး၊ ငြိမ်းချမ်းရေးတံခါးဖွင့်လှစ်ဆောင်ရွက်ခြင်း ဖြစ်ကြောင်းပြောကြား ခဲ့သည်။
ထို့အပြင် တိုင်းစစ်ဋ္ဌာနချုပ်နယ်မြေသည် နိုင်ငံ၏အနောက်ဘက်ခြမ်းနယ်မြေ ၊ ကုန်းနယ်နမိတ်၊ ရေနယ်နမိတ်ပါရှိကြောင်း ၊ ကမ်းရိုးတန်းနှင့် ရေပိုင်နက်များကို လုံခြုံစွာထိန်းသိမ်းနေရသဖြင့် အရေးကြီးသော တာဝန်များကို ထမ်းဆောင်နေရသူများဖြစ်ကြောင်း ၊ ထိုသို့ ကာကွယ်စောင့်ရှောက်ခြင်းသည် ဒေသခံ ပြည်သူများနှင့် နိုင်ငံဝန်ထမ်းများ၏ အမျိုးသားရေးစိတ်ဓာတ်ဖြင့် လက်ရည်တပြင်တည်း ချစ်ကြည်ရင်းနှီးစွာ နေထိုင်၍ ပူးပေါင်းကာကွယ်မှုကြောင့်ဖြစ်ကြောင့် ကမ်းရိုးတန်းနှင့် ရေပိုင်နက်တစ်ခုလုံးကို လွှမ်းခြံု ကာကွယ် နိုင်ရန်လည်းရရှိသော နိုင်ငံတော်ဘတ်ဂျက်အတွင်းမှ တပ်မတော်(ရေ)ကို တဆင့်ခြင်း အဆင့်မြှင့်တင်ဖြည့်ဆည်းဆောင်ရွက်ပေးလျှက်ရှိကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တပ်မတော်သားများ၏ ပညာသင်ကြားမှု ကဏ္ဍ၊ ကျန်းမာရေးကဏ္ဍာျားအပြင် ဒေသအတွင် သဘာဝဘေးအန္တရယ်နှင့်ပတ်သက်၍ ကြိုတင်ကာကွယ်ရန်အပြင် တပ်မတော်သားများနိုင်ငံတကာနှင့် ရင်ဘောင်တန်းယှဉ်ပြိုင်နိုင်ရန် စစ်ပညာအပြင် လိုအပ်သော အသိပညာ ၊ အတတ်ပညာများကို သင်ကြား ပေးလျှက်ရှိကြောင်း ပြောကြားခဲ့သည်။
တွေ့ဆုံပွဲအပြီးတွင် ဘူးသီးတောင်တပ်နယ်ရှိ အခြေခံပညာမူလတန်းကျောင်း သို့ သွားရောက်၍ ကလေးငယ်များအား စာပေသင်ကြားပေးနေမှုများကို လိုက်လံကြည့်ရှု့ပြီး ဆရာ၊ဆရာမ များနှင့် တွေ့ဆုံ၍တင်ပြချက်များအပေါ်ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် ကျောက်တော်တပ်နယ် နယ်မြေခံတပ်ရင်းရှိ မိသားစု အိမ်ထောင်သည်လိုင်းခန်းများသို့ သွားရောက်၍ရဲမေ ၊မိသားစုများအား လိုက်လံ နှုတ်ဆက်ခဲ့ကြောင်း သိရသည်။