နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် မြန်မာနိုင်ငံအ တွင်းသို့ တရားမဝင်ဝင်ရောက်လာပြီး ကရင်ပြည်နယ်၊ မြဝတီ-မဲ့ထော်သလေး(KK Park)နယ်မြေမှ အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများကျူးလွန်ခဲ့ကြသည့် နိုင်ငံပေါင်း (၁၇) နိုင်ငံမှ ပြည်ပနိုင်ငံသား (၁၄၃) ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးနိုင်ရန် စစ်ဆေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ပြည်ပနိုင်ငံသား (၁၃၄) ဦးအနက် အင်ဒိုနီးရှားနိုင်ငံသား (၂၈) ဦး၊ ဖိလစ်ပိုင်နိုင်ငံသား (၂၀) ဦး၊ နီပေါ နိုင်ငံသား (၂) ဦးနှင့် ဗီယက်နမ်နိုင်ငံသား (၁) ဦး (စုစုပေါင်းပြည်ပနိုင်ငံသား ၅၁ ဦး) တို့အား ယနေ့ အောက်တိုဘာ ၃၀ ရက်တွင် ထပ်မံထိန်းသိမ်းနိုင်ခဲ့ခြင်းဖြစ်ပြီး သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံးပြန်လည်လွှဲပြောင်းပေးနိုင်ရန် လိုအပ်သည့်ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများစာရင်းကောက်ယူခြင်းတို့ကိုဆောင် ရွက်ခဲ့ကြကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်မှ အောက်တိုဘာ ၃၀ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက် လာသည့်ပြည်ပနိုင်ငံသား (၁၀,၆၉၁) ဦးကိုထိန်းသိမ်းနိုင်ခဲ့ကာ (၁၀,၅၉၆) ဦးကိုစစ်ဆေးခဲ့ပြီး (၉,၃၆၅) ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျပြည်နှင်လွှဲပြောင်းပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ထို့ပြင် ကျန်ရှိသည့် ပြည်ပနိုင်ငံသား (၁,၃၂၆) ဦးကိုလည်း သက်ဆိုင်ရာနိုင်ငံများသို့ ပြည်နှင်လွှဲပြောင်းပေးရန်အသင့်ဖြစ်နေပြီ၍ ကောင်းမွန်စွာထိန်းသိမ်းစောင့်ရှောက်ထားကြောင်း သိရသည်။
