ငါးလုပ်ငန်းနှင့် ရေသတ္တဝါမွေးမြူရေး ဒီပလိုမာသင်တန်းကို တက္ကသိုလ်ဝင်တန်းစာမေးပွဲအား (သိပ္ပံတွဲ) ဖြင့် အောင်မြင်ပြီး အသက် (၂၂) အောက်ရှိသူများ လျှောက်ထားနိုင်ကြောင်းသိရသည်။
အဆိုပါ ဒီပလိုမာသင်တန်းကို (၃) နှစ် တက်ရောက်ရမည်ဖြစ်ပြီး သင်တန်းပြီးဆုံးအောင်မြင်ပါက ငါးလုပ်ငန်းနှင့် ရေသတ္တဝါမွေးမြူရေးဒီပလိုမာအောင်လက်မှတ် (Diploma in Fisheries and Aquaculture) ရရှိမည်ဖြစ်သည်။
ထို့ပြင် ဒီပလိုမာသင်တန်းအောင်မြင်ပြီး သတ်မှတ်အရည်အချင်းပြည့်မီသူများသည် ရန်ကုန်တက္ကသိုလ်တွင် B.Sc (Fisheries and Aquaculture) သင်တန်းတက်ရောက်ရန် ဝင်ခွင့်ဖြေဆိုခွင့်ရရှိမည်ဖြစ်ကြောင်းသိရသည်။
လျှောက်ထားသူများအနေဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်ဖြစ်ပြီး တက္ကသိုလ်ဝင်စာမေးပွဲကို သိပ္ပံဘာသာတွဲဖြင့် အောင်မြင်ပြီးသူဖြစ်ရမည်ဖြစ်ကြောင်းသိရသည်။
စက်တင်ဘာ (၃၀) ရက်တွင် လျှောက်လွှာပိတ်မည်ဖြစ်ပြီး တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ကြောင်း သက်ဆိုင်ရာကျောင်းအုပ်ကြီးထောက်ခံချက် (မူရင်း)၊ တက္ကသိုလ်ဝင်စာမေးပွဲအမှတ်စာရင်း(မိတ္တူ) (ကျောင်းအပ်နှံသည့်အချိန်တွင် မူရင်းတင်ပြရမည်) မွေးသက္ကရာဇ်မှန်ကန်ကြောင်း ထောက်ခံချက် (သက်ဆိုင်ရာကျောင်းအုပ်ကြီးထောက်ခံချက်)၊ အကျင့်စာရိတ္တကောင်းမွန်ကြောင်း၊ ပြစ်မှုကင်းရှင်းကြောင်း သက်ဆိုင်ရာရဲစခန်းနှင့် ကျေးရွာ/ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့၏ ထောက်ခံချက်(မူရင်း)၊ လျှောက်ထားသူနှင့်မိဘနှစ်ပါး၏ နိုင်ငံသားစိစစ်ရေးကတ်(မိတ္တူ)များနှင့် အိမ်ထောင်စုဇယား (မိတ္တူ)၊ လိုင်စင်ဓာတ်ပုံ (အောက်ခံအပြာရောင်ဖြင့်) (၅)ပုံ (၁.၁ × ၁.၃) လက်မလိုအပ်ကြောင်းသိရသည်။
လျှောက်လွှာများကို တိုင်းဒေသကြီး/ ပြည်နယ်/ခရိုင်/ မြို့ နယ်/ ငါးလုပ်ငန်းဦးစီးဌာန/ ငါးလုပ်ငန်းစခန်းများနှင့် ငါးလုပ်ငန်းသိပ္ပံ (တွံတေး) သို့ စက်တင်ဘာ (၃၀)ရက်ထက် နောက်မကျစေဘဲ တိုက်ရိုက်ပေးပို့လျှောက်ထားရမည်ဖြစ်ပြီး သတ်မှတ်ရက်ထက် နောက်ကျသောလျှောက်လွှာများ၊ မပြည့်စုံသောလျှောက်လွှာများအား ထည့်သွင်းစဉ်းစားမည် မဟုတ်ကြောင်း အသိပေးထားသည်။
တက်ရောက်ခွင့်ရရှိသူ အမည်စာရင်း နှင့် ကျောင်းဖွင့်လှစ်မည့်ရက်အား တိုင်းဒေသကြီး/ပြည်နယ် ငါးလုပ်ငန်း ဦးစီး ဌာနများ နှင့် ငါးလုပ်ငန်းသိပ္ပံ (တွံတေး) မှ ထပ်မံအကြောင်းကြား ပေးသွားမည်ဖြစ်သည်။
