ငါ မီတဲ့ခေတ်က
လည်ပြန်ရစ်ကြည့်တော့
အမှောင်ထဲမှာ အရောင်တဝင့်ဝင့်။
ငါ မီတဲ့ခေတ်က
အနှစ်ခြောက်ဆယ်
သန်းခြောက်ဆယ်နဲ့
Net Word သင်ပုန်းမှာ
အဖောင်းအကြွ စကားလုံးတွေက
ဖတ်လို့မဆုံး။
ငါ မီတဲ့ခေတ်က
အမှန်တရားအတွက်ဆို
ထုံးသုတ်တဲ့လက် မဟုတ်ပေမယ့်
မင်ရည်စွန်း လက်သန်းတွေက
အံ့မခန်း လိလိ။
ငါ မီတဲ့ခေတ်က
အညှော် ရနံ့တွေက စုံမှစုံ
အို … မလုံမခြုံနဲ့
” ….. မြွေမှတ်လို့ ထခုန်”
အဲဒီစကားပုံလို … ။
ငါ မီတဲ့ခေတ်က
ချစ်စရာကောင်းလိုက်ပုံများ.
လစ်ဟာကြောင်းတွေစုပြုံလို့.
ပြောမကုန်ဘူး။
ငါ မီတဲ့ခေတ်က
ဟို ရှေ့လမ်းဆုံက
ထောင်းလမောင်းညံနေတဲ့
လက်ခုပ်သံ တဖြောင်းဖြောင်းဟာ
ပြုပြင်ရေး လမ်းကြောင်းဆိုပဲ။
ငါ မီတဲ့ခေတ်က
တစ်ခါ တစ်ခါ ထ.ထ.ရီ [ယ်]
ခက်ပြီ…
ငါ့ကိုလည်း မသတီလို့ သိပ်မကြည်ဘူး။
အဲဒီ ငါမီတဲ့ခေတ်ပဲ
ပါပ ခေတ်မှ ရွှေဖြစ်သတဲ့
အင်း . ဖွပ်သထက်ကို ညစ်လို့.။
ငါတို့
ငါတို့ အဖြစ်က
တစ်ခါ တစ်ခါများ
ရေတိမ်မှာ စံချိန်နဲ့ကို နစ်လို့
ပစ္စန္တရစ်မှာ လူဖြစ်နေရသလိုလို။
အထဝါစိုး (မန္တလေး)