ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၊ ဂျမ်းကုန်းကျေး ရွာအနီးရှိ ငဝန်ရေကာတာ၏ တာမိုင် ၂၅/၃ ၌ တာကျိုး ပေါက်မှုကြောင့် ရေဘေးသင့်လူဦးရေ(၆,၇၄၇)ဦးကို ရေဘေးလွတ်ကင်းရာသို့ရွှေ့ပြောင်းပေးထားရကြောင်း သိရသည်။
လေးမျက်နှာမြို့မှ အမှတ်(၁)၊ (၂)၊ (၃)၊ (၄)၊ (၅)ရပ် ကွက်များ၊ ညောင်ပင်ဝဲကျေးရွာအုပ်စုရှိ ညောင်ပင်ဝဲ၊ မသဲကုန်း၊ ရွှေကညင်ပင်ကျောင်း၊ သရက်ကန်၊ လေးအိမ်တန်းကျေးရွာများနှင့် သခွတ်ချောင်းကျေးရွာအုပ်စုရှိ ဂျမ်းကုန်း၊ ကျွန်းတဲ၊ ကွမ်းခံကုန်းကျေးရွာများအတွင်း ရေများဝင်ရောက်လျက်ရှိကြောင်း သိရသည်။
ထို့ကြောင့် ရေဘေးသင့်လူဦးရေ(၆,၇၄၇)ဦးအား ယာ ယီရေဘေးကယ်ဆယ်ရေးစခန်းအဖြစ်ဖွင့်လှစ်ထားသော လေးမျက်နှာမြို့၊ ဣစ္ဆာသယကျောင်းတိုက်၌ စောင့်ရှောက်ပေးထားကာ ဧရာဝတီတိုင်းဝန်ကြီးချုပ်ဦးအေးကျော်က ယနေ့ ဇူလိုင် ၃၁ ရက်တွင်သွားရောက်တွေ့ဆုံပြီးအားပေးစကားပြောကြားကာ ဆန်ရိက္ခာထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် တာကျိုးပေါက်မှုကြောင့် ရေဝင်ရောက်နေသည့် လေးမျက်နှာမြို့ပေါ်ရပ်ကွက်များကြည့်ရှုစစ်ဆေးပြီး ရေဘေးသင့်သူများ၊ ကျွဲ၊ နွားတိရစ္ဆာန်များကို ဘေးလွတ်ရာရွှေ့ပြောင်းပေးနေမှု၊ ရိက္ခာနှင့် ကယ်ဆယ်ရေးပစ္စည်းများဖြန့်ဝေပေးနေမှုတို့ကိုကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
