ငလျင်ဒဏ် ထိခိုက်ခံစားခဲ့ရသည့် မသန်စွမ်းသူ(၈၅၀)ဦးအတွက် ကမုတ်ခုံ၊ ဂျိုင်းထောက်အပါအဝင် အခြားအထောက်အကူပြု ပစ္စည်းကိရိယာများအား ရွှေမင်းသားဖောင်ဒေးရှင်းက ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့အတူ မသန်စွမ်းသူများ၏ မိသားစုဝင်များ အပါအဝင် အခြားငလျင်ဒဏ်သင့် ပြည်သူများအတွက် အခြေခံစားသောက်ကုန်များကိုလည်း ထောက်ပံ့ပေးအပ်ကြောင်း သိရသည်။
ဆက်လက်၍ မသန်စွမ်းသူများအတွက်အခြေခံစားနပ် ရိက္ခာများ၊ တစ်ကိုယ်ရေသုံးသန့်ရှင်းရေး ပစ္စည်းများ၊ ဆေးဝါးပစ္စည်းများ၊ အထောက်အကူပြု ပစ္စည်းကိရိယာများ၊ ဆေးဝါးကုသမှူများနှင့် ပြိုပျက်အိမ်များ ပြုပြင်ပေးသွားနိုင်ရန် ဆက်လက်ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရွှေမင်းသားဖောင်ဒေးရှင်းသည် စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းတွင် မတ်လ(၂၈)ရက်က လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်သင့်ဒေသသို့ ငလျင်လှုပ်ပြီး (၃) ရက်အတွင်း ကယ်ဆယ်ရေး ပစ္စည်းများနှင့်အတူ ရောက်ရှိခဲ့ပြီး ဒေသခံ လူမှူရေးအဖွဲ့များနှင်အတူ ကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။
ရွှေမင်းသားဖောင်ဒေးရှင်းသည် မသန်စွမ်းသူများအတွက် အလေးထားဆောင်ရွက်နေသည့် အဖွဲ့အစည်းဖြစ်သော်လည်း ယခု ငလျင်ဘေးတွင် မသန်စွမ်းအိမ်ထောင်စုများအပါအဝင် ငလျင်ဘေးဒဏ်ခံစားခဲ့ကြရသည့် ဒေသအသီးသီးရှိ အခြားသော အိမ်ထောင်စုများထံသို့ သွားရောက်တွေ့ဆုံ အားပေးစကား ပြောကြားခြင်းနှင့် အခြေခံစားနပ်ရိက္ခာများ၊ ဆေးဝါးများ၊ အရေးပေါ် မိသားစုအသုံးအဆောင်ပစ္စည်းများအား ထောက်ပံ့ပေးခြင်းနှင့် ကယ်ဆယ်ရေး ဆောင်ရွက်နေသော အဖွဲ့အစည်းများထံ ကယ်ဆယ်ရေးပစ္စည်းများ ပံ့ပိုးပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ငလျင်ဒဏ်ကြောင့် နေအိမ်ပျက်စီးဆုံးရှုံးသွားသော အိမ်ထောင်စုများ ယာယီနေထိုင်ရန် အတွက် မိုးလုံလေလုံယာယီတဲများနှင့် သန့်စင်ခန်းအသုံးပြုနိုင်ရန် အတွက် Mobile Toilet များကို ပံ့ပိုးပေးခြင်း၊ ငလျင်ဘေးကြောင့် ကိုယ်လက်အင်္ဂါထိခိုက်ဆုံးရှုံးသွားသော အိမ်ထောင်စုဝင်များအတွက် အထောက် အကူပြုပစ္စည်းများ ပံ့ပိုးပေးခြင်းတို့ကို ဆက်လက် ဆောင်ရွက်သွားရန်ရှိကြောင်းလည်း သိရသည်။
ရွှေမင်းသားဖောင်ဒေးရှင်း၏ ပြန်လည် ထူထောင်ရေးလုပ်ငန်းများသို့ ပါဝင် လှူဒါန်းလိုပါက KBZPay App ၏ Donation (အလှူဒါန) ၌ လည်းကောင်း၊ https://kbzpay.co/4hXE C9B ကို နှိပ်၍ လည်းကောင်း တိုက်ရိုက်ပါဝင် လှုဒါန်းကူညီနိုင်ကြောင်းလည်း အသိပေးထားသည်။