မန္တလေးမြို့ရှိ ငလျင်ဒဏ်သင့် အဆောက်အဦးများကို ဖြိုချရန် အလုပ်သမားခေါ်ယူရာ၌ တစ်ရက်(၁)သိန်းနှုန်းပေး၍ နေ့စားအလုပ်သမားများ ခေါ်ယူနေရကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
မန္တလေးမြို့တွင် ငလျင်ထိ အဆောက်အအုံများ ဖြိုချရန်အတွက် ယန္တရားလိုအပ်ချက်သော်လည်းကောင်း၊ ငွေကြေးအရသော်လည်းကောင်း မတက်နိုင်သည့်အတွက် နေ့စားအလုပ်သမားများကို တစ်ရက်(၁)သိန်းဖြင့်ငှားရမ်း၍ ဖြိုချနေခြင်းဖြစ်ကြောင်း သိရသည်။
” တစ်ရက်ကို တစ်သိန်းနဲ့ အဆောက်အဦးတွေကို ဖြိုချဖို့ နေ့စားအလုပ်သမားတွေကို ခေါ်နေတယ်။ တော်တော်များများလည်းလုပ်ကြတယ်။ အန္တရာယ်တော့ များတာပေါ့။ လူအင်အားတွေနဲ့ ဖြိုချရတာ”ဟုမန္တလေးမြို့ရှိ ဒေသခံတစ်ဦးက ပြောသည်။
အင်အားပြင်း မန္တလေးငလျင်ကြီးလှုပ်ခတ်ပြီး အချိန်ကာလ (၂) လကျော်ကြာမြင့်လာသည့်တိုင် ငလျင်ဒဏ်အပြင်းအထန်ခံစားခဲ့ရသည့် ငလျင်ထိအဆောက်အဦးများ ဖြိုချရှင်းလင်းရန် အမြောက်အများကျန်ရှိနေသေးကြောင်း ဒေသခံများဘ၏ ပြောကြားချက်အရ သိရသည်။
မေ (၃၁) ရက်တွင် အောင်မြေသာစံမြို့နယ်၊ လမ်း(၆၀)၊ (၂ ၅) လမ်း နှင့် (၂၆)လမ်းကြားရှိ ငလျင်ဒဏ်ကြောင့် ထိခို-က်ထားသည့် RC(၄)ထပ် အဆောက်အဦးအား လူအားဖြင့် ဖြိုချစဉ် အဆောက်အဦးပြိုကျခဲ့ပြီး အမျိုးသားတစ်ဦးအသက်ဆုံးခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သေးသည်။
ထို့ပြင် မေလ (၃၀)ရက်ကလည်း မန္တလေးမြို့၊ (၂၆) လမ်း၊ (၈၆) လမ်းနှင့် (၈၇)လမ်းကြားရှိ ဖြိုလက်စတိုက် ပြိုကျခဲ့သည့်အတွက် အလုပ်သမားနှစ်ဦး ထိခို-က်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။